ပစ်မှတ်ထားတိုက်ခိုက်ခံနေရသော လူထုကို နိုင်ငံတကာမှ ကာကွယ်ပေးရန် EAO အဖွဲ့အချို့တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းအရ ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အခြေအနေ တစ်ရပ်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို နိုင်ငံတကာမှ ကူညီ ဖန်တီး လုပ်ဆောင် မပေးနိုင် သေးသ၍ လူသေဆုံးမှုများနှင့် ခက်ခဲမှုများ ရှိနေအုံးမည်ဟု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ သုံးဖွဲ့က ပြောလိုက်သည်။

ထို့ကြောင့် ပြည်သူများ သေဆုံးမှုနှင့် ခက်ခဲခြင်းများ ဆက်လက်ဖြစ်ပွားမှု မရှိအောင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ မှ မြန်မာပြည်သူများကို အကာအကွယ်ပေးနိုင်သည့် လေယာဉ် မပျံသန်းရဇုန်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် သီးသန့် နေထိုင်ရာ နေရာ သတ်မှတ်ပေးရန်အပြင် နယ်စပ်ဖြတ်ကျော်မှု အကူအညီများကို ပေးရန် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့က တောင်းဆိုထားကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်ကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီတိုးတက်ရေး ပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့က ဇန္နဝါရီလ ၂၀ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုထားကြသည်။

တောင်းဆိုမှုတွင် ပါဝင်သည့် ကရင်အမျိုးသား အစည်းအရုံး KNU မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီး “NO FLY ZONE နဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် လေယာဉ် မပျံသန်းရဘူးဆိုရင် ဒါ က အော်တို မက်တစ် အလိုအလျောက်ပဲ ဒါက သူတို့အတွက် အကာအကွယ် ဖြစ်သွားပြီပေါ့နော။ နောက်တစ်ခုက အဲဒါပြီး တဲ့နောက်မှာ Safe Zone ဆိုတဲ့ လုံခြုံစိတ်ချရတဲ့ သူတို့ နေရာထိုင်ခင်းတွေ လိုအပ်တယ်။” ဟု ပြောသည်။

“အထူးသဖြင့် ဒီစစ်ကြောင့် ထွက်ပြေးနေရတဲ့ လူတွေနဲ့ နောက်ပြီးတော့ အထူးသဖြင့် လုံခြုံစိတ်ချရတဲ့ နေရာဆိုတာ အထူး သဖြင့် ဗုံးကြဲတဲ့နေရာ အခုစစ်ကောင်စီက ဗုံးကြဲတဲ့နေရာ ဘာမှ မရှောင်တော့ဘူး။ ဥပမာ ဆေးရုံတို့ ဆေးခန်း တို့ပေါ့နော နောက်ကျောင်းတို့ နောက်လူနေထိုင်တဲ့ ရပ်ကွက်တွေဆို ဘာမှ မရှောင်တော့ဘူး။ အဲဒါက သူက လုပ်ချင်သလို လုပ်နေတဲ့ အခါကျတော့ အဲဒါတွေက ဒီလူတွေ ထွက်ပြေးပြီဆိုရင် သူတို့အတွက် လုံခြုံစိတ်ချရ တဲ့ နေရာတစ်ခု လိုကို လိုအပ်နေပြီ ဖြစ်ပါတယ်။ နောက်အဲဒါကြောင့် အဲဒါကိုလည်း ဖန်တီးပေးဖို့ဆိုတာ ကျနော်တို့က အဲဒီအထဲမှာ တောင်းဆိုထားတာရှိတယ်” ဟု ဆက်ပြောသည်။

စစ်ကောင်စီတပ်များမှ တိုက်ပွဲဖြစ်ပွားလာပါက လက်နက်ကိုင် အချင်းချင်း မဟုတ်သည့် ဒေသခံ လူထုများကိုပါ ဦးတည်တိုက်ခိုက်နေသည့်အတွက် ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အခင်းအကျင်းတစ်ခုကို နိုင်ငံတ ကာမှ ကမကထပြုလုပ်ပြီး ဖော်ဆောင်ပေးရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကလည်း တောင်း ဆိုထားသည်။

KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “နိုင်ငံတကာ ကနေမှ စစ် ကောင်စီကို တွန်းအားပေး ဖို့တော့ လို တယ်။ အခုက ကျနော်တို့ လက်နက်ကိုင် အချင်းတိုက်ပွဲဖြစ်တာကတော့ ဒါကတော့ ထုံးစံပဲ ဒါပေမယ့် ဘာမှ မဆိုင်တဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေက Target ထားပြီးမှ ပစ်ခတ်နေတာကတော့ ဒါ နိုင်ငံတကာကတော့ လူသား ချင်းဆိုင်ရာပေါ့နော။ ရာဇဝတ်မှုလည်း မြောက်တယ်။ လူသားမျိုးနွယ်စု Genocide ပေါ့နော။ Ethnic Cleaning ပုံစံလေး ရောက်တယ်။” ဟု ပြောသည်။

“လူထုအတွက်ကတော့ ကျနော်တို့ Safe Zone တစ်ခုရှိသင့်တယ်။ Safe Zone ဆို တာကတော့ ကျနော်တို့ သူတို့ကို ဒီနေရာမှာ သူတို့ရဲ့ လုံခြုံရေး နဲ့ သူတို့ရဲ့ လိုအပ်တဲ့ ကျန်းမာရေးပေါ့နော။ စောင့်ရှောက်မှုတွေကအစ လူထုက စစ်ဘေးကနေပြီးမှ Free Zone သဘောမျိုးပေါ့နော။ အဲသလို တစ်ခုဖြစ် ဖို့ ကတော့ နိုင်ငံတကာကနေမှ ဆောင်ရွက်သင့်တယ်လို့ ကျနော်ကတော့ အဲလိုထင်ပါတယ်” ဟု ဇန္နဝါရီလ ပထမ အပတ်တွင်းက သတင်းနှင့် မီဒီယာ ကွန်ရက်ကို ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ လူနေထိုင်ရာ ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အပြင် လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှု များကြောင့် လူသေဆုံးမှုများနှင့် အဆောက်အဦ ပျက်စီးမှုများရှိနေသည်ဟု အရပ်ဖက် အဖွဲ့အစည်းများနှင့် စစ် ဘေးရှောင်များကို ကူညီသူများက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုများ ဖြစ်ပွားလာသည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ပြည်သူများမှာ အသက် အန္တရာယ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံရမည်စိုးရိမ်သည့်အတွက် စစ်ဘေးလွတ်ရာ တောတောင်နှင့် နီးစပ်ရာ ဒေသများသို့ စစ်ဘေးရှောင်နေရသည်ဟု အကူအညီပေးနေသူများက ဆိုသည်။

ထိုသို့ စစ်ဘေးရှောင်နေရသည့်အတွက် နေထိုင် စားသောက်ရေးအပြင် အဖက်ဖက်မှ လိုအပ်ချက်များစွာ ရှိနေ သည်ဖြစ်၍ အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များကို နယ်စပ်ဖြတ်ကျော် အကူအညီပေးခွင့်ပြုရန် ပဒိုစောတောနီးက တောင်းဆိုထားသည်။

ပဒိုစောတောနီးက “ကျနော်တို့လည်း ဒါကိုလည်း တောင်းဆိုနေပါတယ်။ ဒီထက် ပိုပြီးတော့ နောက်တစ်လှမ်းအ နေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးတွေ UN အစရှိသည်အားဖြင့် အဲဒါတွေက တကယ်ပဲ INGO က အစပေါ့နော အဲဒါတွေက သူတို့ ကိုယ်တိုင် ပါဝင်ပြီးတော့ အဲဒီနေရာ ဒေသတွေမှာ ရောက်နိုင်တဲ့ အနေအထားကို ခွင့်ပြုပေးမယ်ဆိုရင် ဒီထက်ပို ပြီးတော့ ထိရောက်မယ့်ဟာတွေ ရှိလာမှာ။ ဒါတွေကလည်း ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးရမယ် ပြောဆိုရ မယ် တိုက်တွန်းရမယ့် အနေအထားတော့ ရှိပါသေးတယ်ပေါ့နော” ဟု ပြောသည်။

တိုင်းရင်းသား ပြည်နယ်များအပြင် လက်ရှိ စစ်ရေး ပဋိပက္ခဖြစ်ပွားနေသည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသ များရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း ပေးနိုင်အောင် ကူညီလုပ်ဆောင်ပေးရန် တောင်းဆိုသည်ဟု ပဒိုစောတောနီး က ဆိုသည်။

စစ်ကောင်စီတပ်က ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ တိုက်ပွဲများတွင် မြေပြင်တိုက်ခိုက်မှုများအပြင် ဝေဟင် တိုက်ခိုက်မှုများပါ အဆက်မပြတ် လုပ်ဆောင်လာသည့်အတွက် တိုက်ပွဲများကြားရှိ ပြည်သူများမှာ ထိခိုက် သေ ဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများစွာ ရှိလာနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၁၇ ရက်နေ့ အစောပိုင်းက စစ်ကောင်စီတပ်မှ ကရင်နီပြည်နယ်ရှိ မိုဆိုကျေးရွာမှ စစ်ဘေး ရှောင်များ၏ ယာယီ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေး ၂ ဦး အပါအဝင်စစ်ဘေး ရှောင် ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထို့အပြင် ဇန္နဝါရီလ ၇ ရက်နေ့ကလည်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့ အတွင်းက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၆ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကရင်နီပြည်နယ်နည်းတူ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ကသာမြို့နယ်အတွင်းရှိ မိုးတားကြီး ကျေးရွာကိုလည်း ပြီးခဲ့ သည့် ဇန္နဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၂ ဦးအပါအဝင် ဒေသခံ ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့သို့ ထိခိုက်သေဆုံးမှုများ ဆက်တိုက် ရှိလာနေသည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ စစ်ရေး ပဋိပက္ခများ အကြားတွင် ရောက်ရှိနေသည့် ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အနေအထားများကို အမြန်ဆုံး ဖန် တီးပေးရန်နှင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကို ပေးရန် တောင်းဆို ရခြင်းဖြစ်သည်ဟု တိုင်း ရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များက ဆိုသည်။