အာဏာရှင် ချေမှုန်းရေးတွင် ဗမာ လူမျိုးများ ပါဝင်ရန် လိုအပ်ဟု KNU နိုင်ငံခြားရေးတာဝန်ခံပြော

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်။

တော်လှန်ရေးကြာရှည်ရခြင်းမှာ ဗမာလူမျိုးများ ပါဝင်မှု အားနည်းခဲ့ခြင်းကြောင့်ဖြစ်ပြီး တော်လှန်ရေး အောင်မြင်ရန် တိုင်းရင်းသားပြည်သူ တရပ်လုံး၏ ပူးပေါင်းပါဝင်မှု၊ ကြိုတင်ပြင်ဆင်မှုအပြင် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု များ လိုအပ်သည်ဟု ကရင်အမျိုး သားအစည်းအရုံး KNU နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက ပြောသည်။

ဇန္နဝါရီလ ၃၁ ရက်နေ့တွင်ကျရောက်သည့် ၇၃ နှစ်မြောက် ကရင်တော်လှန်ရေးနေ့တွင် တော်လှန်ရေးကာလ ယနေ့အချိန်ထိ ကြန့်ကြာနေရသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ထိုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

KNU ၏ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီး က “ဆိုတော့ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲပြီးဆိုရင် ဒီတော် လှန်ရေးကို အချိန်မြန်မြန်နဲ့ အောင်မြင်နိုင်ဖို့အတွက်က ကျနော်တို့က နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုကို လိုအပ်ပါ တယ်။ တစ်အချက်နော။ နိုင်ငံတကာရဲ့ အမြင်မှာ ကျနော် တို့ ဟာ လွတ်လပ်ပြီးခါစ တိုင်းပြည်တစ်ပြည်ကို တည်ငြိမ်အောင်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ့်အစား ဒီတိုင်း ပြည်ကို ဆူပူထကြွပြီးတော့ တစ်ခါတည်း မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နေတယ်ဆိုပြီးတော့ အဲဒီနိုင်ငံတကာရဲ့ အမြင်က ကျနော်တို့အပေါ်မှာ သက် ရောက်မှု အများကြီးရှိပါတယ်။ ဒါ တစ်အချက် နိုင်ငံတကာရဲ့ ထောက် ခံမှုကို လုံး၀ မရခဲ့ပါဘူး။ အဲဒါနဲ့ နောက် ဆက်တွဲ ကျနော် စောစောက ပြောသလိုပဲ နှစ်အချက်ကတော့ ကျနော်တို့ ကြိုတင်ပြင်ဆင်မှု မရှိပါဘူး” ဟု ပြောသည်။

ကရင့်တော်လှန်ရေးကာလ ယနေ့အချိန်ထိ ရောက်လာရခြင်းက နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှု၊ ကြိုတင်ပြင်ဆင်မှုနှင့် ကရင်လူမျိုးများအပြင် ဗမာလူမျိုးအများစုများ၏ ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှု အားနည်းခဲ့ခြင်းများကြောင့်ဟု ကရင့်အမျိုးသား အစည်းအရုံး KNU ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောသည်။

ကရင်အမျိုးသားများအပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ရန်အတွက် ၁၉၄၉ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ကရင်အမျိုးသားများသည် လက်နက်ကိုင်ခုခံတော်လှန်ရေးကို စတင်ခဲ့ကြသည်။

ထိုကဲ့သို့စတင်ချိန်တွင် မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိသည်ဆိုသည့် အပေါ်တွင် လုပ်ဆောင်လာခဲ့ကြခြင်းဖြစ်ပြီး စနစ်တကျ ကြိုတင်ပြင်ဆင်ထားမှု လုံး၀မရှိပဲ အခြေအနေတစ်ခုအောက်တွင် လက်နက်အနေအထား အခြေ အနေ အားလုံးကအစ အတော်လေးကို ခက်ခက်ခဲခဲ လုပ်ယူရသည်ဟု ပဒိုတောနီး က ဆက်ပြောသည်။

“ခနလေးနဲ့ ပြီးသွားမယ် လူကြီးတွေက ပြောတယ် သို့သော်ငြားလည်းပဲ ၃ လနဲ့လည်းမပြီး ၃ နှစ်နဲ့လည်း မပြီး နှစ် ၃၀ လည်းမပြီး နှစ် ၆၀ လည်းမပြီး အခုက ၇၃ နှစ်အထိ ရောက်လာပါပြီ အဲဒါတွေက တကယ် ကြုံတွေ့ နေ ရတဲ့ အဖြစ်အပျက်တွေပါနော။ နောက်တစ်ချက်က ကျနော်တို့ ဥက္ကဋ္ဌကြီး ကိုယ်တိုင်ပြောတယ် ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ အထိဆိုရင် ကျနော်တို့ ကရင်လူထုသာမက ဗမာလူထုရဲ့ ထောက်ခံမှုဆိုတာ အင် မတန်လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကရင်လူမျိုးနဲ့ ဗမာလူမျိုးတွေက သီးခြားစီနေ ထိုင်တဲ့ လူမျိုးတွေ မဟုတ်ဘူးဆိုတာ ကျနော်တို့ ဗမာပြည်အောက်ပိုင်း ဒေသအသီးသီးမှာ ရှိတဲ့ နေရာတွေကို ကြည့်လိုက်ပါ ကျနော်တို့က အနေအထားက အဲလိုဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ ကရင်လူထုတစ်ရပ်လုံးရဲ့ ထောက်ခံမှုနဲ့ ဘယ်လိုမှ မပြီးနိုင်ပါဘူး။ ဗမာလူထု ကိုယ်တိုင်က ထောက်ခံဖို့လိုအပ်ပါတယ်။”

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၂၀၂၁ ခုနှစ် စသဖြင့် အာဏာသိမ်းမှုသုံးကြိမ်ရှိခဲ့သည့် အနက် ယခု ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုသည် တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသည့် ဗမာလူမျိုးအများစုက ပူးပေါင်း ပါဝင်မှု ရှိလာသည်ဟုလည်း ဆိုသည်။

ထိုသို့ ဗမာလူမျိုးစုများအပါအဝင် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်မှု၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုလည်း တစ်စုံတစ်ရာ ရရှိပြီဖြစ်သည့်အတွက် ယခုတစ်ကြိမ်သည် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်ပြီး အားလုံးမျှော်လင့်တောင်းတနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်သည်ဟု ဆက်ပြောသည်။

“၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့က အများကြီးစုစည်းလာခဲ့တယ်။ အထူးသဖြင့် ပြည်တွင်း ထဲကပေါ့၊ ဆန္ဒပြတဲ့လူတွေရော၊ လူငယ်တွေ၊ အမျိုးသမီးအဖွဲ့တွေရော၊ နွေဦးတော်လှန်ရေးမှာပါခဲ့တဲ့ အဖွဲ့တွေ အားလုံး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအားလုံး နောက်ပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေကနေ ဖွဲ့စည်း ထားတဲ့ CRPH တို့ NUG တို့အကုန်လုံး အခုနောက်ဆုံး NUCC တောင်ဖွဲ့စည်းသွားပြီ။ နိုင်ငံရေးအရ အဆင့်အမြှင့်ဆုံးဖြစ်တဲ့ ပြည်သူ့ညီလာခံလည်း ပထမဆုံးအကြိမ်ကျင်းပပြီးသွားပြီ။ ဒီလိုကျင်းပပြီးသွားတဲ့ဟာ သဘော တူညီချက်ရယူထားတဲ့ဟာ အားလုံးကို ဒီနေ့ကစပြီး ကျနော်တို့ လက်တွေ့ အကောင်အထည် ဖော်နိုင်ပြီ ဆိုရင်တော့ ကျနော်တို့က ဒီအောင်ပွဲခံနိုင်ဖို့ဆိုတာ ဘာမှ မဝေးတော့ဘူး” ဟု ပဒိုတောနီးက ဆက်ပြောသည်။

သို့သော် ပင်လုံစာချုပ်ကဲ့သို့ စာချုပ်ထဲတွင်သာကျန်ခဲ့ပြီး လက်တွေ့အကောင်အထည်မဖော်နိုင်ရင် အချင်းချင်း ကြား ယုံကြည်မှု တည်ဆောက်နိုင်မည်မဟုတ်သလို၊ တော်လှန်ရေးလည်း ဆက်ကြာနိုင်မည်ဟု ဆိုသည်။

စစ်အာဏာရှင် စနစ်၊ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် အမျိုးမျိုး၏ ရန်ကနေ ကင်းလွတ်သည့် ဖက်ဒရယ် ဒီမို ကရေစီ နိုင်ငံအစစ်အမှန်ကို တည်ထောင်နိုင်ဖို့ ကြိုးစားကြရန်၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဦးတည် ကာ ကရင်အမျိုးသားများအပြင် သက်ဆိုင်ရာ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းကြိုးပမ်းကြရန် KNU ဥက္ကဋ္ဌ ပဒိုစောမူတူးစေးဖိုးကလည်း ယခုနှစ်ကျရောက်သည့် ၇၃ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ထုတ်ပြန် တိုက်တွန်းထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် “၂၀၂၂ နှစ်သည် မတရားမှုကို အလဲထိုးရမည့်နှစ်” ဟု ကြေညာ ထားပြီး ဖြစ်သည့်အတွက် အင်အားစုအားလုံးနှင့်ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး စစ်အာဏာရှင် စနစ်ကို ပျက်စီးသွားအောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

ဓါတ်ပုံ – နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှ ပုံ (ပုံဟောင်း -၂၀၁၉)