ကွတ်ခိုင်တွင် အသံတိတ် သပိတ်မှောက်နေချိန် မြို့တခြမ်းတွင် တိုက်ပွဲ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့၏ အရှေ့ခြမ်းတွင် စစ်တပ် အာဏာသိမ်း တစ်နှစ်ပြည့်ချိန် အသံတိတ်သပိတ်ပြုလုပ်နေချိန်တွင် ကွတ်ခိုင် အနောက်ခြမ်းတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။

စစ်တပ်အာဏာသိမ်း တစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ (ယနေ့)တွင် ကွတ်ခိုင်မြို့နယ်ထဲတွင် ယနေ့ နံနက်ပိုင်း ၈ နာရီ အချိန်ခန့်ကစတင်ပြီး စစ်ကောင်စီနှင့် KIAတို့အကြား မြို့၏အနောက်ဘက်ခြမ်းမှာ တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားခဲ့ပြီး မြို့အရှေ့ဘက်ခြမ်း လူစည်ကားရာ ဈေးဆိုင်များတွင် အသံတိတ်သပိတ်ပြုလုပ်မှုတွင် လူထု များက ပါဝင်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ယနေ့တိုက်ပွဲသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ကွတ်ခိုင်မြို့အနောက်ဘက်ခြမ်း၊ မြို့မစစ် ကောင်စီ ဗျူဟာအနီးနှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးများ တည်ရှိနေရာအနီးရှိ စစ်ကောင်စီတပ်အား စတင်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့သို့ ယနေ့နံနက် ၈ နာရီုအချိန်ခန့်တွင် KIA က စတင်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မူကြောင့် တိုင်းရင်းဆေးဌာနရုံး အဆောက်အဦအနီး ကျရောက်ပေါက်ကွဲကာ အရပ်သားအချို့ လက်နက်ကြီး စများ ထိမှန်ခဲ့သည်။

အလားတူ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်အချို့ မော်ဟစ်ကျေးရွာထဲသို့လည်း ကျရောက်ကာ ဒေသခံရွာသား အချို့ထိခိုက်မှု ရှိခဲ့သော်လည်း ထိခိုက်မှု အသေးစိတ်ကို မသိရသေးပေ။

ထိုသို့ တိုက်ပွဲများ တဖက်တွင် ဖြစ်ပွားနေပြီး လူစည်ကားရာ ကွတ်ခိုင်မြို့၏ အရှေ့ဘက်ခြမ်းက မြို့မစျေးနှင့် အခြားနေရာများတွင် စစ်အာဏာသိမ်း တစ်နှစ်ပြည့် အသံတိတ်သပိတ်ကို လူထုက ပြုလုပ်ခဲ့ကြသည်။

ကွတ်ခိုင်မြို့သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းမြောက်တွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားမှု မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

ထို့အပြင် ကွတ်ခိုင်မြို့သည် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် (AA,TNLA, MNDAA) တို့အပြင် KIA တပ်ဖွဲ့တို့လည်း သွားလာလှုပ်ရှားနေသည့် မြို့တစ်မြို့ ဖြစ်သည်။

ဓါတ်ပုံ -CJ