မြစ်ကြီးနားတွင် အသက် ၇ နှစ်ရွယ် ကလေးတစ်ဦး ကျည်ဆံမှန်သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။

ကချင်ပြည်နယ် မြစ်ကြီးနား ရဲတပ်ရင်း အမှတ် ၃၀ အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ဆံထိမှန်သေဆုံးခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်တွင် ကျွန်းပင်သာ ရပ်ကွက်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဗုံးလာပစ်သူများနှင့် ရဲတပ်ဖွဲ့တို့ အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

သေနတ်သံ အချက် ၂၀ ခန့်ကြားပြီးနောက် စောင်ထဲတွင် ဂိမ်းဆော့နေသူ မောင်ဘုန်းခန့်ထည်၏ ရင်ဘတ်ကို ကျည်ဆံထိမှန်ပြီး ကလေးမှာ နေရာတွင် သေဆုံးခဲ့သည်ဟု ဆွေမျိုးနီးစပ်တော်သူ တစ်ဦးက ပြောပြသည်။

“အခုတော့ ကလေးအလောင်းကို လာယူသွားတယ်။ ချမယ့်အချိန်ကတော့ သူတို့ပေးလာမှပဲသိမယ်။ ကလေးက အိမ်ထဲမှာပဲ ကစားနေတာ။ ထရံကို ကျည်ဖောက်ဝင်ပြီး ကလေးကိုလာမှန်တာ” ဟု ဆွေမျိုးနီးစပ်တော်သူ အမျိုး သမီးတစ်ဦးက ပြောသည်။

သေဆုံးသူ ကလေးငယ်၏ အိမ်ဖြစ်သည့် ကျွန်းပင်သာရပ်ကွက်၊ အိမ်အမှတ် (၃၄၆) နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကျည်ထိမှန်ပြီးသေဆုံးသွားသူ ကလေး၏ အလောင်းကိုလည်း စစ်ကောင်စီကယူသွားသည်ဟု သိရသည်။

အဆိုပါအိမ်အပြင် အနီးအနားဝန်းကျင်က အခြားအိမ်များလည်း ကျည်များထိမှန်ပြီး မှန်များကွဲကြေ၍ အိမ်ထရံ များကို ကျည်ဆံထိမှန်ထားသည်။

သို့သော် မည်သည့်အဖွဲ့၊ မည်သူမည်ဝါက ပစ်သည့် ကျည်မှန်း ဖြစ်သည်ကို မသိရသေးဘူးဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာသည် ကျွန်းပင်သာရပ်ကွက်နှင့် လယ်ကုန်းအစပ်တွင်ဖြစ်ပွားခဲ့ရာ ရဲတပ်ရင်းသည် ကျွန်းပင်သာရပ်ကွက်တွင် တည်ရှိပြီး သေနတ်ပစ်ခတ်ခံရသည့် အိမ်များသည် လယ်ကုန်းရပ်ကွက်ဘက် အခြမ်းက ဖြစ်သည်။

ယနေ့ညနေ ၅ နာရီအတွင် သဂြိုလ်မည်ဟု သိရသည်။