ဖျာပုံတွင် မိုင်တဲ တာဝါတိုင်ကို ဖောက်ခွဲ မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အတွင်းရှိ Mytel ဖုန်းတာဝါတိုင် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်ပိုင်းက ဖောက်ခွဲမီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဖျာပုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (Pyapon District People’s Defence Force)၊ ဧရာဗေဒါ တပ်ဖွဲ့ (ဘိုကလေး) က ကျုံကျိုက်ကျေးရွာအုပ်စု၊ ကံသာကျေးရွာရှိ စစ်အုပ်စုပိုင် အဆိုပါ ဖုန်းတာဝါတိုင်ကို အောင်မြင်စွာ ဖောက်ခွဲမီးရှို့ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက “ဗုံးဖောက်ခွဲ ရုံတင်မဟုတ်ဘဲ မီးပါရှို့သွားတော့ တာဝါတိုင်ရဲ့ အောက် ခြေက စက်တွေ အားလုံး သုံးမရအောင် ပျက်စီးသွားတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုကို တော်လှန်ခဲ့သည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဖောက်ခွဲမီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဖျာပုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (Pyapon District People’s Defence Force)၊ ဧရာဗေဒါ တပ်ဖွဲ့ (ဘိုကလေး) က ထုတ်ပြန်ထားသည်။

ထိုနေ့က ဖျာပုံမြို့တွင် တပ်ထောက်ခံသူများက စစ်ကောင်စီ နှင့် ပူးပေါင်း၍ ကြိုဆိုပါ၏ ဆိုင်းပုဒ်ဖွင့်ပွဲ၊ မီးသတ် ရုံးရှေ့ လမ်းဖွင့်ပွဲ၊ သာသနာ့ဗိမာန် ဆွမ်းလောင်းပွဲ၊ အားကစားပြိုင်ပွဲအမျိုးမျိုး နှင့် တပ်ထောက်ခံပွဲများကို လုပ်
နေချိန်ဖြစ်သည်။

ဖျာပုံမြို့ခံ ဦးကိုဝင်းက “စကစ က အသံတိတ်သပိတ်ကို တန်ပြန်တဲ့ ပွဲတွေလုပ်နေချိန် လုံခြုံရေး တင်းကြပ်နေ ချိန် အကြပ်အတည်းကြားက PDF တွေက အခုလိုလုပ် ပြပေးတဲ့အတွက် ဒေသခံတွေ အားတက်ရတယ်” ဟု ပြောသည်။

ဖျာပုံမြို့နယ်ရှိ တော်လှန်ရေး အင်အားများက စစ်ကောင်စီကို နည်းလမ်း အမျိုးမျိုးဖြင့် ဆန့်ကျင်တော်လှန် နေရုံ သာမက သတင်းပေး ဒလန် ၃ ဦးကိုလည်း ပစ်ခတ် ရှင်းလင်း နိုင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။