ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၁၁)
” စိတ်နာတယ်လေ။ သူတို့ ဘာဖြစ်လို့ လုပ်ချင်လဲမသိဘူး သမီးတို့ကို။ သူတို့တောင်းစားလည်း သမီးတို့ ကျွေးတာပဲ သမီးတို့က သူတို့ကို။ သူတို့ ဘယ်လိုတောင်းတောင်း သမီးတို့လည်း ကျွေးတာပဲ။ တစ်ပြည်ရှိရင် ၅ ခွက်ကျွေး ပြီ သူတို့ကို။ ပိုက်ဆံတစ်သောင်းရှိရင် သူတို့ကို ငါးထောင်ပေးပြီးပြီ။ သူတို့ သမီးတို့ကို ဘယ်လိုလုပ်ချင်လဲ မသိဘူး။ သမီးတို့ကို သတ်ချင်လားမသိဘူးလို့ ခံစားရတာ။”နမ္မတူမြို့နယ်ထဲက နေအိမ်မီးလောင်သွားသည့် ဒေသခံအမျိုးသမီးတစ်ဦး
တအန်း(ပလောင်) PSLF/TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ – ရှမ်းမြောက် SSPP/SSA ပူးပေါင်းတပ်တွေနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ – ရှမ်းတောင် RCSS/SSA တို့အကြား တိုက်ပွဲတွေနဲ့ စစ်ရေးပဋိ ပက္ခတွေ ဆက်တိုက်ဖြစ်နေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမျိုးမျိုးကိုလည်း ခံနေရပါတယ်။ ပြည်နယ်တစ်ခုတည်းမှာ အတူနေထိုင်ကြတဲ့ တိုင်းရင်းသားအချင်းချင်းကြား ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ နေထိုင်ရေးကို ဟန့်တားနှောင့်ယှက်ဖြစ်စေတဲ့ လုပ်ရပ်တွေကို RCSS က ကျူးလွန်နေတယ်လို့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေ က ပြောပါတယ်။ ဒီတိုက်ပွဲတွေက အခုမှ ဖြစ်လာတော့ မဟုတ်ပါဘူး။ ၂၀၁၅ နောက်ပိုင်းက စလာခဲ့တာ ဒီနေ့အချိန်ထိပါ၊ ဘာ့ကြောင့် ဒီတိုက်ပွဲတွေဆက်ဖြစ်နေရတာလဲ၊ တိုင်းရင်းသားပြည်သူတွေအချင်းချင်းအကြား၊ လူမျိုးဘာသာမရွေး တန်းတူညီမျှမှုနဲ့ လူ့ဂုဏ်သိက္ခာရှိရှိ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကျင့် သုံးပြီး ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့ ဒီတိုက်ပွဲတွေက ဘယ်လို သက်ရောက်မှု ရှိနေလဲ စုစည်းတင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။