မြန်မာသံတော်ဆင့် သတင်းထောက်အား ထောင် ၂ နှစ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်။
ပုသိမ်မြို့ အခြေစိုက် မြန်မာသံတော်ဆင့်သတင်းဌာနက သတင်းထောက် ကိုရဲရင့်ထွန်းကို စစ်ကောင်စီ လက် အောက်ခံ ပုသိမ် ထောင်တွင်းတရားရုံးက မတ်လ ၂၃ ရက်နေ့တွင် ထောင် ၂နှစ် ချလိုက်သည်ဟု သိရသည်။
စစ်ကောင်စီ၏ တိုင်ကြားချက်အရ ပုဒ်မ ၅၀၅-ခ ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရပြီး စစ်ကောင်စီ လက်အောက်ခံ တရားသူကြီးက မတ်လ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းက အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု ပုသိမ်မြို့နယ် တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းသမားတစ်ဦး က “ထောင်ကြီးချုပ်နဲ့ စစ်ဆေးနေတာ တစ်နှစ်ကျော် နေပြီ။ သတင်းထောက်က သူအလုပ်သူလုပ် ဓာတ်ပုံ ရိုက်တာ ကို ထောင် ၂ နှစ် ထောင်ချလိုက်တာ ဘယ်လိုမှ မဖြစ်သင့်ဘူး” ဟု ပြောသည်။
ပုသိမ်မြို့တွင် စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသည့် ဖြစ်စဉ်ကို သတင်းရယူနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ထိုအချိန်က သတင်းထောက်များ သတင်းယူခွင့်ကို ကန့်သတ်ထားခြင်း မရှိသေးကြောင်း ၎င်းကဆက် ပြောသည်။
တရားလိုက စစ်ကောင်စီ၏ တရားရုံးသို့ တင်ပြသည့် ပစ္စည်း သက်သေ၊ လူသက်သေများက ခိုင်မာမှု မရှိသော် လည်း စစ်ကောင်စီ၏ သဘောထားအရ တရားသူကြီးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေများ အသိုင်းအဝိုင်းနှင့် နီးစပ်သူ အချို့က ပြောသည်။
တိုင်း ဥပဒေရုံးမှ ဝန်ထမ်းတစ်ဦးကလည်း “ကိုရဲရင့်ထွန်း အနေနဲ့ ချုပ်ရက် လျော့ပေါ့ ခံစား ခွင့်ရရှိပါတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ နံနက်ပိုင်းက ပုသိမ်မြို့ တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း၏ သတင်းဓာတ်ပုံကို ရယူနေသည့် ကိုရဲရင့်ထွန်းကို သပိတ်စစ်ကြောင်းအား အကြမ်းဖက် ဖြိုခွင်းသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ပုသိမ်ထောင်အတွင်း၌ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၀၅-ခ တို့ဖြင့် ချုပ်နှောင် တရားစွဲခံနေရသည့် သတင်းထောက် ၃ ဦး ရှိသည့်အနက် ကိုရဲရင့်ထွန်းသည် ပထမဦးဆုံး အမိန့်ချခံရသူဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရ သည်။
ကျန် နှစ်ဦးဖြစ်သည့် မြစ်မခသတင်းဌာနမှ ကိုမျိုးမင်းထွန်း နှင့် တိုင်းဧရာအွန်လိုင်းသတင်းဌာနမှ မရွှေရည်ဝင်း တို့လည်း ယခုအချိန်ထိ တရားရင်ဆိုင်နေရဆဲဖြစ်သည်ဟု သိရသည်။