ထောင်သားများတောင်းဆိုချက် ၇ ချက်အနက် ၆ ချက်လိုက်လျော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်။
ပုသိမ် အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုသည့် အခြေခံ လိုအပ်ချက် ၇ ချက် အနက် ၆ ချက်ကို ထောင်အာဏာပိုင်အဖွဲ့က လိုက်လျောပေးလိုက်သည်ဟု သိရသည်။
နိုင်ငံရေး အကျဉ်းသားများဖြင့် ဖွဲ့စည်းထားသည့် ဆွေးနွေးညှိုနှိုင်းရေးအဖွဲ့က မတ်လ ၁၄ ရက်နေ့က အချုပ်သား၊ အကျဉ်းသားများ၏ အခြေခံလိုအပ်ချက်များကို တောင်းဆိုခြင်းဖြစ်ပြီး မတ်လ ၂၁ ရက်နေ့က လိုက်လျောခဲ့သည်ဟု ပုသိမ်အကျဉ်းဦးစီးဌာနထံမှ သိရသည်။
“အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြပြီး ထောင်တွင်း အဆောင် အချင်းချင်း ဧည့်တွေ့ခွင့်ပေးရန် အချက်မပါ၊ ကျန်တာ ကို ထောင်စည်းကမ်းနဲ့ အညီ ဆောင်ရွက်ပေးတာပါ” ဟု အကျဉ်းထောင် အရာရှိတစ်ဦး က ပြောသည်။
လိုအပ်သော တန်းစီး၊ ထောင်ဘာရာများမှအပ နိုင်ငံရေး အကျဉ်းသားများအား သီးသန့်ထားရှိပေးရန်၊ ထောင် တွင်း စည်းကမ်းချက်များနှင့် အရေးယူထားသည့် ထောင်တွင်း ပြစ်ဒဏ်များအား ပြန်လည်စဉ်းစားပေးရန်၊ ပြစ် ဒဏ်ကာလ ပြီးမြောက်ပါက မူလထားရှိရာ အဆောင်များတွင်သာ ပြန်လည်ထားရှိပေးရန် စသည့်အချက်များကို လိုက်လျောခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အကျဉ်းထောင်အရာရှိက ဆက်ပြောသည်။
ထို့အပြင် နိုင်ငံရေး အကျဉ်းသားများအား လုံခြုံရေးအရ ခြေကျင်းခတ်မှု ၁၄ ရက်မှ ၇ ရက် သို့ ပြောင်းလဲ သတ် မှတ်ပေးရန်၊ ထောင်ဝင်စာ ကဲ့သို့သော အကျဉ်းသားများ၏ အခြေခံလိုအပ်ချက်များအပေါ် နေ့စဉ်နှင့်အမျှ စည်း ကမ်းအမျိုးမျိုးဖြင့် ကန့်သတ်ခြင်းများကို ပြန်လည်လျော့ပေါ့ပေးရန်လည်း တောင်းဆိုခဲ့ကြရာ အဆိုပါအချက် တို့ကိုလည်း လိုက်လျောပေးခဲ့သည်ဟု သိရသည်။
အကျဉ်းသား၊ အချုပ်သားများ၏ အခွင့်အရေးအရ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ယုံကြည်ခွင့်တို့ အပေါ် ကိုယ်နှုတ် အမူအယာဖြင့် ထိပါးခြင်းကို ရှောင်ကျဉ်ပေးရန်ဆိုသည့်အချက် အပါအဝင် စုစုပေါင်း အချက် ၆ ချက်ကို လိုက် လျောခဲ့ခြင်း ဖြစ်သည်ဟု အကျဉ်းထောင်တာဝန်ရှိသူက ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများ ထောက်ပံ့ကူညီနေသူ တစ်ဦးက “ထောင်ထဲကသူ (နိုင်ငံရေးအကျဉ်းသား)တွေ အနေ နဲ့ အကျဉ်းသားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးနေလို့ ကြေညာချက် ထုတ်ပြီးတောင်းကြတာလို့ သိရ တယ်” ဟု ပြောသည်။
ပုသိမ်အကျဉ်းထောင်တွင် ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူ/သား စုစု ပေါင်း ၃၀၀၀ ကျော်ရှိသည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ အထိ ပုသိမ်အကျဉ်းထောင်တွင် အမျိုးသား ၃၀၁၀ ဦး အမျိုးသမီး ၄၁ ဦးကို ချုပ်နှောင်ထားသည့်အနက် အမျိုးသမီး ၃ ဦးအပါ အဝင် ၆၆ ဦး ကို ထောင်ဒဏ် အသီးသီးချမှတ်ပြီးဖြစ်သည်ဟု သိရသည်။