KNU နှင့် KNPP တပ်မတော်နေ့ အခမ်းအနား သွားမည်မဟုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်။
တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ရန် စစ်ကောင်စီက ဖိတ်ကြားလာပါက တက်ရောက်မည် မဟုတ် ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့က ပြောသည်။
ကရင့်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP တို့က ယခုကဲ့သို့ အတိအလင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက်တပ်မတော်နေ့ အခမ်းအနားကို EAOs အဖွဲ့များအား ဖိတ်ကြားထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း စစ်ကောင်စီဖက်က ယခုအချိန်အထိ တစ်စုံတစ်ရာ ဖိတ်ကြားလာခြင်းမျိုး မရှိသေးသလို ဖိတ်ကြားလာပါကလည်း တက်ရောက်မည် မဟုတ်ဘူးဟု NCA အပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးထားသည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြော သည်။
KNPP အထွေထွေ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “ကျနော်တို့ကို ဘယ်သူမှ မဖိတ်ပါဘူး။ ကျနော်တို့က ဒီနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေ စစ်ရေး အခြေအနေ ပေါ့နော အရ ကျနော်တို့က တက်ဖို့ကတော့ အစီအစဉ် လုံးဝမရှိပါဘူးလို့” ဟု ပြောသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၏ တပ်ဖြစ်သည့် KA အပါအဝင် KNDF ပူးပေါင်းတပ်များသည် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီနှင့် နေ့စဉ်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျှက်ရှိသည်။
ထို့အတူ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟို နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးကလည်း စစ် ကောင်စီက တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားမှုကို ၎င်းအနေဖြင့် ရေရေရာရာ မသိရ သေးကြောင်းနှင့် အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားလာပါကလည်း KNU အနေဖြင့် တက်ရောက်မည် မဟုတ်ဟု ပြောသည်။
ပဒိုစောတောနီးက “ဒါကြီးက ရှင်းနေတာပဲ နေ့တိုင်း စစ်ဖြစ်နေတာ ဘယ်လိုလုပ် အဲဒီပွဲကို သွားတက်မလဲဗျာ” ဟု ပြောသည်။
မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် တပ်မတော်နေ့ အခမ်းအနားကို စစ်ကောင်စီက တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့ တော်တော်များများကို ဖိတ်ကြားထားပြီး တိုင်းရင်း လက်နက်ကိုင် အဖွဲ့အစည်းအချို့ က တက်ရောက်မည်ဟု သိရသော်လည်း သတင်းနှင့် မီဒီယာ ကွန်ရက်က အခြားသော အဖွဲ့အစည်းများကို မေးမြန်း အတည်ပြုချက် ရယူ၍ မရသေးပေ။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းသည် စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ် တွန်း လှန်နေသည့် အခြေအနေအောက်တွင် ရှိနေသည့်အတွက် စစ်ကောင်စီက ဖိတ်ကြားထားသည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဆုံးဖြတ်ထားသည့် အဖွဲ့အစည်းများအနေဖြင့် အခြေအနေအရပ်ရပ်ကို စဉ်း စားရန်လိုအပ်သည် ဟု ဦးအောင်ဆန်းမြင့်က ဆက် ပြောသည်။
ဦးအောင်ဆန်းမြင့်က “ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အများကြီး စဉ်းစားဖို့လိုတယ်လေ။ ဒီနေ့ ကျနော်တို့ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာက လူမျိုးတမျိုးတည်းရဲ့ အရေး၊ အဖွဲ့အစည်းတဖွဲ့တည်းရဲ့ အရေး မဟုတ်ဘူးလေနော်။ ကျနော်တို့ တစ်နိုင်ငံလုံးရဲ့ အရေး၊ ဆိုတော့ စစ်တပ်က ခေါ်ယူတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဟာ ဒါသူတို့ရဲ့ နိုင်ငံရေးအရပေါ့နော် နိုင်ငံတကာမှာ မျက်နှာသာရဖို့ သူတို့က ဆွေးနွေးညှိနှိုင်းရေး လမ်းစဉ်ကို သွားနေပါတယ်ဆိုတဲ့ဟာကို သူတို့က နိုင်ငံတကာကို ပြဖို့အတွက်ပဲ သက်သက်ပဲဖြစ်တယ်။ တကယ့်တကယ် ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက် သူတို့ စိတ်ထဲမှာ ဒါကတော့ လုံးဝရှိတာမဟုတ်ဘူးပေါ့လေ ဒါကို ကျနော်သိဖို့လိုတယ်။ အဲ့ဒီတော့ ကျနော်တို့ အဖွဲ့အ စည်းအရေး တစ်စုတစ်ဖွဲ့အရေးထက် တစ်နိုင်ငံလုံးအရေးကို ကျနော်တို့က ကြည့်ပြီးတော့မှ ကျနော်တို့က သွား သင့်မသွားသင့် ဆိုတာ စဉ်းစားကြဖို့ ကျနော်အနေနဲ့ ပြောလိုတာပေါ့နော” ဟု ပြောသည်။
စစ်ကောင်စီက ပြုလုပ်မည့် တပ်မတော်နေ့ အခမ်းအနား တက်ရောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းများက မည်ကဲ့ပင်သို့ ဆုံးဖြတ်စေကာမှု နောက်ဆုံး အဆုံးအဖြတ်ပေးမည့်သူများမှာ ပြည်သူသာ ဖြစ်သည်ဟု KNU ဗဟိုနိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက ပြောသည်။
၎င်းက “ဒီလိုမျိုးမှာ ဖြစ်နေတဲ့ ကိစ္စတွေ ကျနော်တို့ ပြောစရာမရှိဘူး။ ဒါပေမယ့် ဒါဟာ ဆုံးဖြတ်မှာက ပြည်သူ တွေပဲ ဆုံးဖြတ်မှာပါ။ ပြည်သူတွေက ဆုံးဖြတ်တဲ့ဟာကတော့ ကျနော်တို့ ဘာမှ ပြောစရာမလိုဘူးလေ။ အဲဒါ ကြောင့်မို့လို့ ဒီဟာတွေက ကျနော်တို့ အထူးအထွေ ပြောစရာမလိုဘူး။ အဖွဲ့အစည်းတစ်ခုခုမှာ သူရဲ့ ဆုံးဖြတ် ပိုင်ခွင့် အပြည့်အ၀ရှိပါတယ်။ ဒါပေမယ့် ဆုံးဖြတ်မှာကတော့ ဒီဟာတွေက ဒီလိုဒီလို ဖြစ်နေတယ် ဆိုတာက တော့ လူထုကပဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း စစ်ကောင်စီက ပြုလုပ်ခဲ့သည့် ထာ၀ရငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှင့် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အချို့ က တက်ရောက်ခဲ့ကြသော်လည်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင် အမျိုးသား အစည်းအရုံး KNU တို့တို့အပါအဝင် EAOs အချို့လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။
ဓါတ်ပုံ – Crd