ဧရာဝတီတိုင်းတွင် အာဏာသိမ်းဆန့်ကျင်သူ ၄ ဦးကို ထောင် ၂ နှစ်စီချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် တစ်နှစ်နီးပါး ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးကို ပုဒ်မ ၅၀၅-က အပါဝင် တရားမဲ့ဖိနှိပ်ရေးပုဒ်မများဖြင့် ထောင်၂ နှစ်စီ ချလိုက် သည် ဟု သိရသည်။

၎င်းတို့ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး တစ်နှစ်ခန့် အကြာ မတ်လ ၂၂ ရက်နေ့တွင် ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချလိုက်သည်ဟု ၎င်းတို့၏ မိသားစု အသိုင်းအဝိုင်းထံမှ သိရသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦး က “တရားစွဲခံရတဲ့ ပုဒ်မတွေက ၄ ခုလောက်ရှိတယ်။ အမိန့်ချခံရတာက ပုဒ်မ ၅၀၅-က နဲ့ ထောင် ၂နှစ် ချလိုက်တယ်” ဟု ပြောသည်။

စစ်ကောင်စီက ပုသိမ်မြို့အမှတ် (၁၄) ရပ်ကွက်မှ မဇာလီနိုင်၊ မနှင်းလဲ့လဲ့၊ မမေသူဖြိုးတို့အား ပုဒ်မ ၅၀၅-က၊ ၄၃၆၊ ၄၃၁၊ ၁၈၈ တို့ဖြင့်လည်းကောင်း အမှတ် (၇) ရပ်ကွက်မှ ကိုထွန်းထွန်းကိုမူ ပုဒ်မ ၅၀၅-က ဖြင့် လည်း ကောင်း ဖမ်းဆီး၍ တရားစွဲဆိုခဲ့သည်ဟု အဆိုပ် တရားလွှတ်တော်ရှေ့နေက ဆက်ပြောသည်။

၎င်းတို့ ၄ ဦးကို ၂၀၂၁ ခုနှစ်၊ မတ်လဆန်းက နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။

“စစ်တပ် အာဏာသိမ်းတာ မကြိုက်လို့ ဆန္ဒဖော်ထုတ်တဲ့ သပိတ်စစ်ကြောင်းကို စောင့်ရှောက်တဲ့ ဆေးအဖွဲ့မှာ ပါလို့ အဖမ်းခံရတာပါ” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

ဖမ်းဆီးစဉ်က ရိုက်နှက်ထိုးကြိတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပုသိမ် စစ်တပ်အတွင်း စစ်ဆေးစဉ်ကလည်း ရိုက်နှက် စစ်ဆေးခံခဲ့ရသည်ဟုလည်း အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။

ပုသိမ်ထောင်တွင် ပုသိမ်ခရိုင် အတွင်းရှိ မြို့နယ် ၇ မြို့နယ်က ဖမ်းဆီးချုပ်နှောင်ထားသည့် နိုင်ငံရေးအကျဉ်းသား အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၃၅၀ နီးပါး ရှိသည်။

နိုင်ငံရေးအကျဉ်းသား အယောက် ၃၅၀ နီးပါးထဲက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ အထိ မှတ်တမ်းများအရ အမျိုးသမီး ၆ ဦး၊ အမျိုးသား ၆၁ ဦး၊ စုစု ပေါင်း ၆၇ ဦးကို ထောင်တွင်း တရားရုံးက ထောင်ဒဏ် အသီးသီး ချ မှတ်ခဲ့ပြီး ဖြစ်သည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူအချို့၏ ပြောပြချက်အရ သိရသည်။