ဧရာဝတီတိုင်းတွင် လူငယ်တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၅ အရွယ် လူငယ်တစ်ဦး သေဆုံးသွားသည် ဟု သိရသည်။
မတ်လ ၂၄ ရက်နေ့၊ ည ၉ နာရီခန့်တွင် မြို့ရှောင်လမ်းမှ ပြန်လာသော လူငယ်တစ်ဦးအား ညပိုင်းလုံခြုံရေး အရ ဟု အကြောင်းပြကာ ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိပြီး ဟင်္သာတဆေးရုံတွင် ဆေးကုသနေစဥ် မတ်လ ၂၅ ရက်နေ့ က သေဆုံးသွားခြင်း ဖြစ်သည်ဟု ဟင်္သာတ မြို့ခံများထံမှ သိရသည်။
ဆေးရုံ ဝန်ထမ်းတစ်ဦးက “သေနတ်ကျည် က နောက်ကျော ထိပေါက်ထွက်သွားတာ။ ဆေးရုံရောက်ပြီး နောက် တစ်နေ့ မနက်မှာ ရထားတဲ့ ဒဏ်ရာကြောင့်သေသွားတယ်” ဟု ပြောသည်။
သေဆုံးသူ လူငယ်သည် မြန်အောင်မြို့နယ်၊ ကနောင်မြို့မှ ဖြစ်ပြီး မိသားစုများထံ ဆက်သွယ် အကြောင်းကြား ထားပြီးဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီဘက်က ထိုသေဆုံးမှု သတင်းကို ဖုံးဖိထားကြောင်း စစ်တပ် အာဏာသိမ်းမှု အလိုမရှိများသူဖြင့် ဖွဲ့ စည်းထားသည့် ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။
မြို့ရှောင်လမ်းတွင် လုံခြုံယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရက်မူးနေကြ သူ အများစုဖြစ်ပြီး လမ်းသွားလမ်းလာများကို သေနတ်တပြပြဖြင့် မချေမငံ ပြောဆိုစစ်ဆေးလေ့ရှိသည်ဟု ဟင်္သာတမြို့ခံ အချို့က ပြောသည်။
“သေသွားတဲ့ ကောင်လေးက လမ်းလျှောက်လာတာကို ခေါ်စစ်တယ်။ နောက်ပြီး ခေါ်စစ်ခံရတဲ့ ကောင်လေးကို စစ်သားတစ်ယောက်က သေနတ်နဲ့ပစ်လိုက်တာလို့ တစ်ဆင့်စကား သိရတယ်” ဟု မြို့ခံ မန်းထွန်းဝင်းက ပြော သည်။
အဆိုပါ သေဆုံးမှုသည် စစ်တပ်အာဏာသိမ်းပြီးနောက် ဟင်္သာတမြို့တွင် စစ်တပ်၏ အကြောင်းမဲ့ ပထမဆုံး ပစ်ခတ် သတ်ဖြတ်မှုဖြစ်သည်။
ထိုစစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေး အကြောင်းပြပြီး အပြစ်မဲ့ပြည်သူကို ပစ်ခတ်ခဲ့သည့်အပြင် နည်းလမ်း အမျိုး မျိုးဖြင့် အတင်းအဓမ္မ ငွေတောင်းခြင်း၊ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။