အရပ်သား အမျိုးသားများအား စစ်ကောင်စီတပ် ကင်းစောင့်ခိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်။

ပုလောတွင် စစ်ကောင်စီက အရပ်သား အမျိုးသားများကို အဓမ္မ ကင်းစောင့်ခိုင်းနေသည်ဟု သိရသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီးအဖွဲ့များက က ခြိမ်း ခြောက် အစည်းအဝေးခေါ်ကာ အမျိုးသားများအား ကျေးရွာတွင် ကင်းစောင့်ရန် အဓမ္မစေခိုင်းခဲ့သည်ဟု ရွာသား များက ပြောသည်။

အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “တစ်အိမ်တစ်ယောက် အစည်းအဝေးမတက်တဲ့အိမ်ကို ချိတ်ပိတ်မယ် ဆိုတာနဲ့ အဝေးမှာ စစ်ရှောင်နေတဲ့သူတွေရွာပြန်လာပြီး အစည်းအဝေးလာတက်ကြရတယ်” ဟု ပြောသည်။

မတ်လ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ပျူစောထီးခေါင်းဆောင်ဖြစ်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ရွာသားများကို အစည်းအဝေးခေါ်ယူကာ အသက် ၁၈ နှစ်မှ အသက် ၆၀ အထိ အမျိုး သားများအားလုံး ကျေးရွာတွင် ကင်းစောင့်ရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

အစည်းအဝေးတွင် စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများမှ လွဲ၍ အမျိုးသားအားလုံး ကင်း စောင့်ရမည်ဟု စစ်ကောင်စီတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု ရွာသားများက ပြောသည်။

ပုလောကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စိုးရိမ်ထိတ်လန့်ကာ ကျေးရွာမှထွက်ပြေး တိမ်းရှောင် နေရ သူများ၊ အစည်းမတက်သူများ၏ နေအိမ်များကို ချိတ်ပိတ်မည်ဟု ပြောဆိုခဲ့သောကြောင့် အစည်းအဝေးကို တက် ရောက်ရကြခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ပုလောကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်များ၏ မိသားစုဝင် အများစုသည်လည်း မြိတ်မြို့တွင် သွားရောက်တိမ်း ရှောင်နေကြသည် ဟု သိရသည်။

ပုလောကုန်းကျေးရွာရှိ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မတ်လ ၁၆ ရက်နေ့တွင် သွား ရောက်တိုက်ခိုက်ခဲ့ဖူးသည်။