စစ်ကောင်စီနှင့် ဆွေးနွေးမှုများ ဆက်လုပ်သွားမည်ဟု RCSS ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ထူ ထောင်ရေး ကောင်စီ RCSS အနေဖြင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူစာချုပ်ကို စွဲကိုင်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးမှုများကို ဆက်လက် လုပ် ဆောင်သွားမည်ဟု ပြောသည်။

မတ်လ ၂၈ ရက်နေ့ (ယမန်နေ့) က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NCA အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသား ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တွေ့ဆုံဆွေး နွေးပွဲ တွင် RCSS အတွင်းရေးမှုး (၁) ဗိုလ်မှူးကြီး စိုင်းငင်းမှ ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး စိုင်းငင်းက “လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ PPST ရဲ့ နိုင်ငံရေး ဦးတည် ချက် ၇ ချက်အတိုင်း ရပ်တည် ဆောင်ရွက်နေသလို ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် နှစ်ဖက် အပစ်ရပ် သဘောတူ စာချုပ်ကို ခိုင်ခိုင်မာမာ စွဲကိုင်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း တင်ပြဆွေး နွေးလိုပါတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း RCSS အနေဖြင့် NCA အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဖွဲ့ PPST ၏ အဖွဲ့ဝင် ဖြစ်သည့် အတွက် PPST ၏ နိုင်ငံရေး ဦးတည်ချက် ၇ ချက်အတိုင်း ရပ်တည်ဆောင်ရွက်နေသည်ဟု ဗိုလ်မှူးကြီး စိုင်းငင်း ပြောသည်။

ယမန်နေ့ ဆွေးနွေးပွဲသို့ RCSS အပြင် တက်ရောက်ခဲ့သည့် NCA အပစ်ရပ်အဖွဲ့များမှာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO တို့ ဖြစ်သည်။

RCSS က ရပ်တည်ဆောင်ရွက်နေသည့် PPST ၏ နိုင်ငံရေး ရည်မှန်းချက် ၇ ချက်မှာ စစ်အာဏာသိမ်းယူပြီး နောက် ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး ခေါင်းဆောင်များအပါအဝင် ပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေး မတူညီမှုများအား အမြန်ဆုံး ဆွေးနွေးအဖြေရှာသွားရန်၊ အနာဂတ် နိုင်ငံရေး ဆွေး နွေးပွဲများတွင် သက်ဆိုင်သူများ အားလုံးပါဝင်ပြီး နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများနှင့် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေ ရှာသွားရန်၊ တိုင်းပြည်အာဏာကို အရပ်သား ကိုယ်စားလှယ်များ အုပ်ချုပ်မှုနှင့် ဒီမိုကရေစီ မူဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေးကို ဝိုင်းဝန်း အဖြေရှာကြရန် တို့ဖြစ်သည်။

ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် တိုင်းပြည်၏ အခြေခံ အဆောက်အအုံ (Institutions) များကို ပြုပြင် ပြောင်းလဲမှုများ ( Reforms) ပြုလုပ်သွား ရန်၊ တိုင်းပြည်ရေရှည်တည်တံ့ရေး၊ တည်ငြိမ်ရေး၊ သာယာ၀ပြောရေးတို့ကို ရှေ့ရှုးပြီး လူထုကို ကာကွယ်မှုပေးသော လုံ ခြုံရေး စနစ်တည်ဆောက်သွားရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ပေးခြင်းနှင့် ပြည် သူလူထုများ၏ ဆုံးရှုံးနစ်နာမှုများအတွက် ဘ၀ပြန် လည်ထူထောင်ရေးနှင့်ပြန်လည်ကုစားရေး အစီအစဉ်များ ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်ငြိမ် ငြိမ်းချမ်း သာယာ၀ပြော ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားရန် စသည့် အချက်တို့ဖြစ်သည်။

မတ်လ ၂၈ ရက်နေ့(ယမန်နေ့) က ပြုလုပ်ခဲ့သည့် NCA အပစ်ရပ် အဖွဲ့ ၅ ဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသား ညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တွေ့ဆုံဆွေးနွေးမှုသည် အနာဂတ် တွင် ပြုလုပ်မည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၏ အစပျိုးစမှတ် တစ်ခုဖြစ်မည်ဟု RCSS က ယုံကြည်သည်ဟု ဆို သည်။

ဗိုလ်မှူးကြီး စိုင်းငင်းက “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဖြစ်ပွားတဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နဲ့ NCA စာချုပ် အကောင်အထည်ဖော်ခြင်း လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက် သွားဖို့ အခက်အခဲများတွေ ကြုံတွေ့ခဲ့ရပေမယ့် ဒီနေ့ ကျင်းပတဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ အနာဂတ်မှာ ကျင်းပမယ့် နိုင်ငံ ရေးပုံစံသစ်ရဲ့ အစပျိုးမှု စမှတ်တစ်ခု ဖြစ်မယ်လို့ မိမိတို့ RCSS အနေနဲ့ လေးလေးနက်နက် ယုံကြည် ပါတယ်” ဟု ပြောသည်။

RCSS/SSA သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ်အဆင့်နှင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဖြစ်သည်။

ထို့အပြင် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းများနှင့်အတူ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

မတ်လ ၂၈ ရက်နေ့ (ယမန်နေ့) က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲသို့ NCA အပစ်ရပ် ၅ ဖွဲ့ ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနှင့် ဗဟို ကော်မတီဝင် ခိုင်အောင်ဟိန်း၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA မှ ဒု-စစ်ဦးစီးချုပ်အဆင့်ရှိ စောတာ ခူ နှင့် ဗဟိုဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC မှ ဒု-ဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါထူးနှင့် ဗဟိုကော်မတီဝင် စောအောင်ကောင်းရွှေ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခွန်မင်းသိန်းနှင့် ဗဟိုကော်မတီဝင် ခွန်ဇွဲထွဋ်၊ ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS မှ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ခဲ့ပြီး စစ်ကောင်စီ၏ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်ဟု သိရသည်။