လူ ၂၀ ကျော်စခဲ့သော ရက္ခိုင့်တပ်တော် သောင်းချီခဲ့ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်။

သေနတ် တစ်လက် လူ ၂၆ ယောက်ဖြင့် စတင်ခဲ့သည့် ရက္ခိုင့်တပ်တော် ULA/AA ၏ လက်နက်ကိုင် တော်လှန် ရေးသည် ခက်ခဲမှုများစွာ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်ရင်းပေါင်းများစွာကို ဖွဲ့စည်းနိုင်ခဲ့ပြီဟု ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

၎င်းက “ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ဟာ တပ်ရင်းတစ်ရင်းကို လူသုံးရာလောက်နဲ့ တပ်ရင်း ရာချီပြီးမှ ဖွဲ့စည်းပြီး မဟာမိတ်တွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေပြီဖြစ်ပါတယ်” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA စတင်ဖွဲ့စည်းစဉ်က လူ ၂၆ ယောက်အတွက် သေနတ်တစ်လက်သာ ရှိခဲ့ရာမှ ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ကူညီပေးမှုကြောင့် ရရှိလာသည့် လက်နက်များဖြင့် ရခိုင်ပြည်ထဲသို့ ထိုးဖောက်ဝင် ရောက်နိုင်ခဲ့သည် သာမက ယခုအချိန်တွင် တပ်ရင်း တစ်ရင်းလျှင် လူသုံးရာဖြင့် တပ်ရင်းပေါင်း မြောက်များစွာကို ဖွဲ့စည်းနိုင်ခဲ့ပြီဟု ULA/AA ဥက္ကဋ္ဌ က ဆိုသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ကျနော်ဘဝမှာ လုံးဝ မေ့လို့မရတဲ့အရာကတော့ ကျနော်တို့ ၂၀၀၉ ခုနှစ်မှာ ရခိုင်တော် လှန်ရေးကို လူ ၂၆ ယောက်နဲ့ စခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ လူ ၂၆ ယောက်မှာ စုစုပေါင်း သေနတ် တစ် လက်ပဲ ရှိပါတယ်။ အဲဒီလို သေနတ်ကလေး တစ်လက်နဲ့ လူ ၂၆ ယောက်နဲ့ စပြီးမှ ကျနော်တို့ဟာ ဒုက္ခ အမျိုးမျိုး ကြားမှာ ရုန်းကန်ကြိုးစားရင်း ပထမဆုံးကျနော်တို့ကို ကိုးကန့် အဖွဲ့အစည်း ဦးဖုန်ကြားရှင်ကနေပြီးမှ လက်နက် တစ်ရာ လက်ဆောင်ပေးခဲ့ပါတယ်။ ကျနော်တို့ဟာ အဲဒီ သေနတ်အလက်တစ်ရာရယ် အာပီဂျီ ၂ လက်ရယ် အဲ ဒါကို ကိုင်ပြီးမှ ရခိုင်ပြည်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီကိစ္စဟာ ကျနော်တို့ ရခိုင်တော်လှန်ရေး အတွက် အင်မတန်မှ အရေးပါတဲ့ ကိစ္စကြီး တစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ခေါင်းဆောင်က မတ်လ ၂၉ ရက်နေ့က ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ဈာပန အခမ်းအနားတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က ရက္ခိုင့်တပ်တော် ULA/AA ကို ကူညီခဲ့သည့် အနေအထားကို ကြည့် ခြင်းအားဖြင့် ကိုးကန့်နှင့် ရခိုင် မဟာမိတ် ညီအစ်ကိုများကြားတွင် ကြီးကျယ်နက်ရှိုင်းသည့် ပတ်သက်မှုနှင့် သံယောဇဉ် တည်ဆောက်မှုများကို အတိအကျမြင်နိုင်သည်ဟု ULA/AA ဥက္ကဋ္ဌက ကိုးကန့်ခေါင်းဆောင် ဦးဖုန် ကြားရှင်၏ ဈာပန အခမ်းအနားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ ULA/AA တွင် အင်အား မည်မျှရှိနေသည်ကို အတိအကျ မသိရသေးသော်လည်း နိုင်ငံရေး လေ့လာ သုံးသပ် သူများ၏ ခန့်မှန်း သုံးသပ်ချက်အရ အင်အား သုံးသောင်းခန့်ရှိသည်ဟု ဆိုသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့သည့် ရက္ခိုင့်တပ်တော် ULA/AA သည် ရခိုင်ပြည်နယ်သို့ လူအား လက်နက်အင်အားများကို တဖြည်းဖြည်း ပို့ဆောင်ကာ ထိုးဖောက်ဝင်ရောက်ခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် စစ်တပ် နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ် အောက်တိုဘာလအထိ စစ်တပ်နှင့် ULA/AA တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား ခဲ့ပြီး ရွေးကောက်ပွဲကာလအလွန်တွင် နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်ညှိ နှိုင်းပေးမှု များကြောင့် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲများ ရပ်တန့်နေသည်မှာ ယနေ့ချိန် အထိ ဖြစ်သည်။

Photo – ULA/AA