ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ကလေးနှစ်ဦး ကျည်ထိမှန် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်။

မွန်ပြည်နယ်၊ သထုံနှင့် ဘီးလင်းအကြား ပစ်ခတ်မှုတွင် ကလေးနှစ်ဦး ကျည်ထိမှန်သေဆုံးသွားသည်ဟု သိရသည်။

သထုံနှင့် ဘီးလင်းအကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် ခရီးသွား ကလေး နှစ်ဦး ကျည်ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

”တစ်ဦးက ထိတဲ့နေရာမှာပဲ ဆုံးသွားတယ်။ နောက်တစ်ဦးက ဆေးရုံမှာ ဆုံးသွားတယ်။ ကလေးနှစ်ဦးရဲ့ ရုပ် အလောင်းကို ဒီနေ့ နေ့လည်မှာ သဂြိုလ်တယ်” ဟု နီးစပ်သည့်ဒေသခံတစ်ဦးက မတ်လ ၃၀ ရက်နေ့တွင် ပြောသည်။

သထုံနှင့် ဘီးလင်းမြို့နယ်အကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် မတ်လ ၂၉ ရက်နေ့ က စစ်ကောင်စီ တပ်၏ ယာဥ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် သထုံမြို့နယ် ပြည်သူ့ကာကွယ် ရေးအင်အားစု TPDF ပူးပေါင်းတပ်တို့က ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်ကြောင့် ဘီးလင်းမှ သထုံသို့ မောင်းနှင်လာသည့် ခရီးသွားမော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဥ်ပေါ်ပါ အသက် ၆ နှစ်နှင့် ၈ နှစ်အရွယ် ကလေးနှစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန် ခဲ့သည်။

ကျည်ထိမှန်ကလေးနှစ်ဦးအနက် တစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဆေးရုံ အရောက်တွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ကျည်ထိမှန်ဒဏ်ရရှိခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသားမှာ သထုံမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူ နေရသည်။

သေဆုံးသွားသည့် ကလေးနှစ်ဦးနှင့် ကျည်ထိမှန်ခဲ့သည့် အမျိုးသားတို့သည် သထုံမြို့နယ် မြေနီကုန်းကျေးရွာသား များ ဖြစ်ကြသည်ဟု သိရသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် ဘီးလင်းနှင့် သထုံအကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်ဟု ခရီးသွားသူအချို့၏ ပြောပြချက်အရ သိရသည်။