နယ်လှည့်စောင်သည်အား PDF ဆိုကာ ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် နယ်လှည့်၍ စောင်အမျိုးမျိုး ရောင်းချနေသူ တစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင် စီက ဖမ်းဆီးသွားသည်ဟု သိရသည်။
ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်၊ ဥမ္မာဒန္တီ ၁၆ လမ်းတွင် နေထိုင်သည့် အသက် ၃၅ နှစ်ရှိသော စောင်ရောင်းချသူ ကိုချစ်ကိုအား ရပ်ကွက်တွင်းရှိ ပြည်သူတစ်ဦးက PDF နှင့် အဆက်အသွယ် ရှိသည်ဟု တိုင်ကြားသဖြင့် စစ်တပ် က မတ်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။
ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က “တိုင်တဲ့သူက ၃ကြိမ်တောင်တိုင်တာဆိုတော့ မဖြစ်မနေ ဖမ်းပြီး စစ် ဆေးရတာလို့ သိရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူ ကိုချစ်ကိုသည် ယခင်က ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့၍ နယ်လှည့်ကာ အညာစောင်နှင့် စောင်အမျိုး မျိုးကို လှည့်လည်ရောင်းချသူ ဖြစ်ပြီး ယခုအခါ Town Ace ကားအသေးဖြင့် စောင်ရောင်းသူ ၄ ဦးခန့်ကို ပူး ပေါင်း၍ ရောင်းချနေသူဖြစ်သည်ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်က ဆက်ပြောသည်။
အုပ်စုဖွဲ့ အရောင်းသမားဖြစ်၍ အမြဲတစေ ၎င်း၏အိမ်၌ လူဝင်လူထွက် ၄ ဦးခန့် ဖြစ်နေသည်ကို အမြင်မကြည်လင်သူတစ်ဦးက ချောက်ချတိုင်ကြားခြင်းဖြစ်သည်ဟု ကိုချစ်ကို၏ မိသားစုနှင့် နီးစပ်သူ အချို့ က ပြောသည်။
“အဲ့လမ်းထဲက ဒလန်လို့ နာမည်ကြီးနေတဲ့ မိန်းမတစ်ယောက်ကတော့ ကိုချစ်ကို အဖမ်းခံပြီး နောက်တစ်နေ့မှာ ရပ်ကွက်မှာ မနေတော့ဘူး” ဟု ယင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦး က ပြောသည်။
အဖမ်းခံရသူ ကိုချစ်ကို ကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေသည်ကို မသိရသေးဘူးဟုလည်း မိသားစုနှင့် နီးစပ်သူအချို့က ပြောသည်။
ကိုချစ်ကို အား ဖမ်းဆီးထားသည့် အခြေအနေနှင့် ဆက်သွယ်စုံစမ်းသော်လည်း ယနေ့တိုင် အဆက်အသွယ် မရ သေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေသည်ဟု သိရသည်။