ဖျာပုံ သောက်ရေပေးကန် ဗုံးကွဲ၊

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ သောက်ရေပေးကန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရေအခက်အခဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်ဒေသခံများက ပြောသည်။

မတ်လ ၃၀ ရက်နေ့၊ နံနက် ၉ နာရီကျော်အချိန်ခန့်က ၅ လမ်းနှင့် ၆ လမ်းထောင့်ရှိ JICA သောက်ရေပေးကန်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“အုန်းကပဲ ပေါက်ကွဲအသံက တော်တော်ကျယ်တယ်။ ရေပေးတဲ့ စက်မပျက်လို့တော်သေးတယ်” ဟု ဖျာပုံမြို့ခံ ဦးချယ် က ပြောသည်။

JICA စီမံချက်အရ တည်ဆောက်ထားသည့် လူအသွားအလာ နည်းပါးသည့် သောက်ရေကန်ဖြစ်ပြီး ယင်းသောက် ရေကန်၏ ရုံးခန်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖျာပုံမြို့ တစ်မြို့လုံးကို ရေပေးဝေနေသည့် ရေကန်များအနက် တစ်ခုအပါအဝင် ဖြစ်၍ ပျက်စီးသွားမည် ကိုမလို လား ကြောင်း ဒေ သခံ အချို့ကပြောသည်။

ဖျာပုံမြို့ မြစ်တွင်းသို့ ပင်လယ် ရေငန်ဝင်ခြင်း နှင့် နွေအခါ အဝီစိရေနှင့် ရေတွင်းများမှာ ရေချိုရရှိမှု နည်းပါးခြင်း ကြောင့် သောက်သုံးရေအတွက် အခက်အခဲရှိရာ မိုးတွင်းကာလတွင် မိုးရေကို ရေကန်များဖြင့် ခံယူကာ မြို့ကို ရေပေးဝေရသည်ဟု သိရသည်။

ဖျာပုံမြို့ခံ ဒေါ်သူဇာ က “ဖျာပုံမှာ အရင်က နွေဆိုရင် မိုးတုန်းက ခံထားတဲ့ ရေကိုပဲသုံးကြရတယ်။ နာဂစ် ဖြစ်ပြီး နောက်ပိုင်ကျ JICA အထောက်အပံ့ နဲ့ ရေကန်တွေထပ်တူးတယ်။ မြစ်ရေကိုသန့်ပြီး ကန်တွေကနေ ရေပေးဝေ ကြတယ်” ဟု ပြောသည်။

ဖျာပုံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၉ ရပ်ကွက်အတွင်း နေထိုင်သူများသည် ယင်းရေကန်များမှ ရေကို သောက် သုံးရေအတွက် အားထားနေရသည်ဟု ဖျာပုံမြို့စည်ပင်သာယာရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖျာပုံမြို့နယ်အတွင်း မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိပြီး မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ဖျာပုံ ချောင်းတွင်း စစ်ဆေးရေးဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။