သတင်းပေးဆိုသူ တစ်ဦး တာရိုးပေါ်တွင် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်။
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်အတွင်းက စစ်တပ်နှင့်ရဲသတင်းပေးဆိုသူ ရွာသားတစ်ဦး မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် အချိန်က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု သိရသည်။
စစ်ကောင်စီ သတင်းပေး ဒလန်ဟု နာမည်ကြီးနေသူ အသက် ၄၆ နှစ်အရွယ်ခန့်ရှိသူ ဦးတိုးမောင်သည် ဧရာဝတီ မြစ် အရှေ့ဘက်ခြမ်း ရေလဲကျေးရွာအုပ်စုရှိ ရေလဲ ရေကာတာပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွား ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“သေနတ် နဲ့ ၃ချက် အပစ်ခံရတာပါ။ တာပေါ်မှာဘဲ ပွဲချင်းပြီး သေသွားတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။
ခါးတွင် ၁ ချက်၊ လည်းပင်းတွင် ၁ ချက်၊ ဦးနဖူးတွင် ၁ ချက် စုစုပေါင်း သေနတ်ဒဏ်ရာ ၃ ချက်ရရှိကာ ရေလဲ ရေကာတာပေါ်တွင် မှောက်လျှက်အထားဖြင့် သေဆုံးနေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူနေသူ အချို့က ပြောသည်။
သေဆုံးသူ ဦးတိုးမောင်သည် စစ်ကောင်စီအား ကူညီထောက်ပံ့သည့်အပြင် ၎င်းက စစ်တပ်နှင့်ရဲတပ်ဖွဲ့ကို သတင်းပေးမှုများကြောင့် အချို့ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူအချို့ နှင့် မိသားစုဝင်များပါ ကျေး ရွာမှ ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံများ၏ သတင်းပေးပို့ချက်များကို သေချာစွာ စိစစ်ပြီးနောက် ပြည်သူများနှင့် တော်လှန်ရေးအတွက် အနှောက်အရှက်ပြုသူ ဖြစ်၍ ဇလွန်မြို့နယ် ပြည်သူ့ ကာကွယ် ရေးအဖွဲ့နှင့် နတ်စစ်သည်အဖွဲ့တို့က ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇလွန်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
“အကြိမ်ကြိမ်သတိပေးနေတဲ့ ကြားက သတင်းပေးရုံမကဘူး သူရဲ့အိမ်မှာ စစ်တပ်နဲ့ ရဲကို လက်ခံထားပြီး ရွာ သားတွေကို ဒုက္ခမျိုးစုံပေးနေလို့ရှင်းလိုက်ရတာ” ဟု ဇလွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့် ပြန် ကြားရေး တာဝန်ခံက ပြောသည်။
ထို့အပြင် ဒေသအတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီ ထောက်တိုင် သတင်းပေး ဒလန်များနှင့် ပျူစောထီး အဖွဲ့ဝင်များအား ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ရန်နှင့် နယ်မြေခံများ အနေဖြင့်လည်း စစ်ကောင်စီနှင့် ပတ်သက်သည့် လူ၊ နေရာ၊ အဆောက်အဦများသို့ သွားရောက် ပတ်သက်ခြင်းများ မပြုကြပါရန် ဇလွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။
စစ်ကောင်စီ သတင်းပေး ထောက်တိုင် ဦးတိုးမောင် ပစ်သတ်ခံမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၅၀ ကျော် ရေလဲကျေးရွာသို့ရောက်ရှိ စခန်းချကာ တင်းကြပ်သည့် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံ များ က ပြောသည်။