မီးသင်္ဂြိုလ်စက် ဆောက်ရန် လောင်းကစားဝိုင်းဖြင့် ငွေရှာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ကျေးရွာ တစ်ခုတွင် မီးသင်္ဂြိုလ်စက် တည်ဆောက်ရန်ဟုဆိုကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီဝင်များက ဦးဆောင်ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ လောင်းကစား ဝိုင်းများ ပြု လုပ် ရန်ပုံငွေရှာနေကြောင်း သိရသည်။

မကျီးပင်ကျေးရွာတွင် မီးသင်္ဂြိုလ်စက် တည်ဆောက်ရန်အတွက် ရန်ပုံငွေရှာသည်ဟု ဆိုကာ လောင်းစကားနည်းမျိုးစုံပါ သည့် အာဝါဒေး Our Day ပွဲကို အပတ်စဉ် စနေ၊ တင်္ဂနွေနေ့တိုင်း ပြုလုပ်နေကြသည်ဟု ဒေသခံများက ပြော သည်။

“အာဝါဒေးပွဲလုပ်နေတာ အတော်ကြာပြီ။ စစ်သားနဲ့ ရဲက စောင့်ပေးတယ်” ဟု ငပုတော မြို့ခံ ဦးမှတ်ကလေး က ပြောသည်။

လောင်းကစားဝိုင်းများကို မကျီးပင်ကျေးရွာက ပြည်ခိုင်ဖြိုးပါတီဝင် ဦးမောင်ခိုင်ဦးက ဦးဆောင်၍ လုပ်နေ ကြ သည်မှာ ၃ လ နီးပါးရှိနေပြီဟု သိရသည်။

ပြည်ခိုင်ဖြိုးပါတီဝင် အမတ်ဟောင်းတစ်ဦးက “အရင်ကတည်းက ပါတီက နာမည်ပျက်နေတာ။ အခုတော့ ပိုဆိုး သွားပြီ” ဟု ပြောသည်။

အာဝါဒေးပွဲ လောင်းကစားဝိုင်းများတွင် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ကြက်ဝိုင်း၊ ဖဲသုံးချပ်၊ လပ်ကီး ဆဲဗင်း ဂျင်ဝိုင်းတို့ ပါဝင်ပြီး တစ်ရက်လျှင် လိုင်းကြေးငွေ ကျပ် ၅ သိန်းပေးရသည် ဟု လောင်းကစားဝိုင်းနှင့် နီးစပ်သူ အချို့ထံမှ သိရသည်။

လောင်းကစားဝိုင်း‌များ လုပ်ဆောင်နေရုံတင်မက သင်္ဂြိုဟ်စက် တည်ဆောက်ရန် မတည်ရန်ပုံငွေကို ကျေးရွာ ထဲ တွင် တစ်အိမ်လျှင် အနည်းဆုံး ကျပ်တစ်သောင်းမှ သိန်းဂဏန်းကျော်အထိ မထည့်မနေရလည်း လိုက်လံ တောင်းခံနေမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းမြို့နယ် အပါအဝင် မြို့နယ် အချို့တို့တွင်လည်း မေလနှင့် ဇွန်လအတွင်းက ကျေးရွာအုပ်ချုပ်မှူး အချို့ နှင့် စစ်ကောင်စီတပ် ပူးပေါင်း၍ အောက်စီဂျင်စက်ရုံ တည်ဆောက်ရန် ဟု အကြောင်း ပြကာ လောင်းကစားပွဲများ ပြုလုပ်ပြီး ရန်ပုံငွေရှာခဲ့ခြင်းများလည်း ရှိခဲ့သည်။