မွန်ပြည်နယ်တွင် ကရင် ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကရင် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး နှစ်ဘက် သေဆုံးမှုများ ရှိကြောင်း ဒေသခံများက ပြောသည်။

ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းတွင် မတ်လ ၃၁ ရက်နေ့၊ နံနက် ပိုင်းက စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကြား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ၆ ဦး သေဆုံးကာ KNLA ပူး ပေါင်းတပ်ဖွဲ့တို့ဘက်က ၁ ဦး သေဆုံးပြီး နှစ်ဘက်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိသည်ဟု ဒေသခံ များ က ပြောသည်။

“တိုက်ပွဲဖြစ်တာက မနက် ၅ နာရီ ကျော်ကျော်လောက်မှာ စဖြစ်တယ်။ လက်နက်ကြီး လက်နက်ငယ်နဲ့ ချတာ။ နာရီဝက်ကျော် ကြာမယ်ထင်တယ်။ တိုက်ပွဲက တပ်ဘက်က ၆ ဦး သေသွားတယ်လို့ သိရတယ် ဒဏ်ရာရသူ တွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဒေသ အတွင်းရှိ (PDF) ပူးပေါင်းတပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က စစ်ဆေးမှုလည်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၂၉ ရက်နေ့ကလည်း သထုံနှင့် ဘီးလင်းအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု TPDF ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

ထိုပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ်နှင့် အသက် ၉ နှစ်အရွယ် ကလေးနှစ်ဦး ကျည်ထိမှန် သေဆုံးပြီး အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။