ထောင်ချခံလိုက်ရသော KNC ဥက္ကဌအား ၅၀၅ ဖြင့် တရားထပ်စွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်။

ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည့် ကချင်အမျိုးသား ကွန်ကရက်ပါတီ KNC ၏ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လသည် နောက်ထပ် အမှုတစ်မှုဖြင့် ရင်ဆိုင်ရမည့် အခြေအနေရှိနေသည်ဟု KNC ပါတီမှ တာဝန်ရှိသူ များက ပြောသည်။

ဒေါက်တာ Mကောန်လ ကို မတ်လ ၂၃ ရက်နေ့က ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ထိုပုဒ်မ ၅၀၅ (က) ဖြင့် မြစ်ကြီးနားမြို့၊ အမှတ် ၁ ရဲစခန်းတွင် စစ်တပ်မှ ထပ်မံအမှုစွဲချက်တင်ထားခြင်း ဖြစ် သည်ဟု KNC ပါတီက တာဝန်ရှိသူများ က ပြောသည်။

KNC ပါတီက တာဝန်ရှိသူတစ်ဦးက “သူ့ကိုက ၂၅ ရက် ၈ လပိုင်း၂၀၂၁ ပေါ့ မနှစ်က အဲဒီ နေပြည်တော်မှာ ၅၀၅-က ပုဒ်မနဲ့ ဖမ်းဆီးပြီးမှ အဲ့ မြစ်ကြီး နားမှာကျတော့ ၂၆ ရက်နေ့ ၈လ ၂၀၂၁ မှာပေါ့နော် အဲ့နေ့မှာ ဒီကျနော်တို့ တပ်ပိုင်းဆိုင်ရာ စစ်တပ်တွေဘက်ကနေပြီးတော့မှ တရားလိုပြုလုပ်ကာ အမှုစွဲချက်တင်ထားတယ်လို့ သိရပါ တယ်” ဟု ပြောသည်။

မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းတွင် စွဲချက်တင်ခံထားရသော အမှုသည် ပြည်နယ်ဝန်ကြီးရုံးသို့ တင်ထားခံရပြီး အမှုရင်ဆိုင်ရမည့်အချိန်ကို အတိအကျ မသိရှိသေးကြောင်း ကိုလည်း ဆက်ပြော သည်။

“ဘယ်အချိန်လောက် အမှုရင်ဆိုင်ဖို့ ရှိမလဲဆိုတာတော့ အခုကျနော်တို့က အတိအကျတော့ မသိသေးဘူး။ သူတို့ က ဒီပြည်နယ်ဝန်ကြီးရုံးကို ဒီအမှုကို တင်ထားတယ်။ အဲကနေပြီးတော့မှ ဒီအမိန့်ပြန်ချမှတ်ပြီးတဲ့ အချိန်ကျမှ ကျနော်တို့ ဒီ Dr Mကောန်လကို မြစ်ကြီးနားကို ဆင့်ခေါ်ပြီးတော့မှ အဲ့လို အမှုရင်ဆိုင်ရမယ်။ အခုလောလော ဆယ်တော့ ဒီနည်းနည်းပါးပါး သတင်းသိထားရတာကတော့ ဒီသင်္ကြန်မတိုင်ခင်လို့တော့ ပြောတာဘဲ” ဟု KNC ပါတီ တာဝန်ရှိသူက ဆက်ပြောသည်။

မြစ်ကြီးနားမြို့၊ အမှတ် ၁ ရဲစခန်းတွင် စစ်တပ်ကထပ်မံစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ မည့်သည့်အချိန်တွင် တရားရင်ဆိုင်ရမည်ကို အတိအကျ မသိရသေးသော်လည်း အချိန်မှာ သင်္ကြန်မတိုင်ခင်ဟု အကြမ်းဖျင်း သိထား ရသည်ဟု ဆိုသည်။

သို့သော် ဒေါက်တာ Mကောန်လ အမှုနှင့် ပတ်သက်၍ “ဒီအခု တရားစီရင်တဲ့ နေရာမှာလည်း တရားမျှတမှုရှိ အောင် ပွင့်လင်းမြင်သာမှုရှိအောင် တန်းတူညီမျှမှုရှိအောင် ဒီတရား စီရင်ဆုံးဖြတ်ချက်မှာ အဲမျိုးလေးတွေရှိရင် အကောင်းဆုံးပေါ့နော်။ တခြားထင်မြင်ချက်ကတော့ ကျနော်လည်း မပေးတတ်ပါဘူး” ဟု ပါတီတာဝန်ရှိသူက ပြောသည်။


ဒေါက်တာ Mကောန်လသည် စစ်တပ်က အာဏာသိမ်းပြီးနောက် နေပြည်တော်နှင့် မြစ်ကြီးနားမြို့တို့တွင် နိုင်ငံ တော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် နေရာ နှစ်နေရာတွင် တရားစွဲဆိုခံခဲ့ရပြီးနောက် နေပြည်တော်ရှိ ၎င်း၏ ဆေးခန်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရပြီးနောက် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိ တရားရုံးက ထောင်ဒဏ် ၂ နှစ် ချ မှတ်ပြီးနောက် မြစ်ကြီးနားမြို့တွင် စွဲခံထားရသည့် အမူနှင့်ပတ်သက်၍ အမှုဆက်လက်ရင်ဆိုင်ရမည့် အခြေအနေ ဖြစ်လာရခြင်း ဖြစ်သည်ဟု သိရသည်။

လတ်တလောတွင် ဒေါက်တာ M ကောန်လသည် နေပြည်တော် ရမည်းသင်းအကျဉ်းထောင်တွင် ရှိပြီး ကျန်းမာ ရေးအခြေအနေ ကောင်းမွန်လျက်ရှိသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။