တနင်္သာရီ တိုက်ပွဲ စစ်ကောင်စီ ၄ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်။
တနင်္သာရီတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်သူ တစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ သိန္ဒောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့များက မတ်လ ၃၁ ရက်နေ့တွင် ၃ နာရီကျော် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
“ရွာထဲကို စစ်တပ်တွေ ရောက်လာတာက စပြီး တိုက်ပွဲဖြစ်ခဲ့တာ။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်တာ
တဂျိမ်းဂျိမ်းနဲ့ အချက်ရေ မနည်းဘူး” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။
မတ်လ ၃၁ ရက်နေ့၊ နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီခွဲ အချိန်ထိ ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲကို Tanintharyi Defense Force (ဘက်မလိုက်ပြောက်ကျားအဖွဲ့)၊ တောင်ပိုင်းသူရဲကောင်းများအဖွဲ့ (SWDF) တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဘက်မလိုက်ပျောက်ကျားအဖွဲ့မှ တိုက်ပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။
ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များဘက်က အနည်းငယ် ထိခိုက်ပွန်းပဲ့ဒဏ်ရာရရုံကလွဲပြီး သေဆုံးမှု မရှိဘူးဟု ၎င်းက ပြောသည်။
သိန္ဒောကျေးရွာသည် အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး လက်ရှိအချိန်တွင် ရွာသားတွေ ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကာ တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု သိရသည်။