စာမေးပွဲ ဒုတိယနေ့တွင် ကျောင်းဆောင်နံဘေး ဗုံးပေါက်ကွဲ၊

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့ အထက်တန်းကျောင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ဖြေဆိုရမည့် ယနေ့ ဧပြီ ၁ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

စာမေးပွဲ ဒုတိယနေ့ အဖြစ် အင်္ဂလိပ်ဘာသာ ဖြေဆိုရန်အတွက် ကျောင်းသားများက စာမေးပွဲအခန်းထဲ ဝင် ရောက်ရန် ပြုလုပ်နေစဉ်မှာ ကျောင်း‌ဆောင်အနီး ပေါက်ကွဲသံ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု စာသင်ကျောင်း အနီးနေထိုင်သူ တစ်ဦးက ပြောသည်။

စာသင်ကျောင်း အနီးနေထိုင်သူ တစ်ဦးက “အသံက တော်တော်ကျယ်တယ်၊ မြေကြီးပါ တုန်သွားတာ” ဟု ပြော သည်။

စာမေးပွဲလုံခြုံရေးအဖြစ် မြို့နယ်ရပ်ကွက်များမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မီးသတ်၊ ရဲနှင့် စစ်တပ်က လုံခြုံရေး ယူပေးထားသည့် အချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးသည့်နောက် စစ်ကောင်စီတပ်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများကပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကို လက်ရှိ သတင်းရေးသားနေချိန်အထိ မသိရှိရသေးသော်လည်း အတည်ပြုနိုင်ရန် သတင်းနှင့်မီဒီယာကွန်ယက် သတင်းဌာနက ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာသင်ကျောင်းအနီးမှာရှိ နေအိမ်များကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ် နေသည်ဟု သိရသည်။

ယခုနှစ် အ.ထ.က ရေဖြူကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသူ/သား ၉၉ ယောက်ရှိသည်ဟု ရေဖြူကျောင်းက ဆရာမတစ်ဦးက အတည်ပြုပြောဆိုသည်။

အလားတူ ထားဝယ်မြို့ အ.ထ.က ၂ ကျောင်းရှေ့ရှိ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးရုံး နှစ်ခုကို မတ်လ ၃၁ ရက်နေ့ ညနေ ၃နာရီကျော်ခန့်တွင် သေနတ်ဖြင့် ၇ ချက် ပစ်ခတ်ခံခဲ့ရပြီး ထိုပစ်ခတ်မှုထဲတွင် လူထိခိုက်မှုမရှိဘူးဟု သိရ သည်။

ထိုသို့ ပညာရေးမှူးရုံးများနှင့် ရေဖြူအထက်တန်းကျောင်း ပစ်ခတ်ဖောက်ခွဲမှုများကို မည်သည့်အဖွဲ့အစည်းများမှ ပြုလုပ်ဆောင်ရွက်ခဲ့သည်ကိုလည်း သတင်းထုတ်ပြန်ကြေငြာခြင်းမရှိသေးသဖြင့် မသိရှိရသေးပေ။

တနင်္သာရီတိုင်းအတွင်း မြို့နယ် ၁၀ မြို့နယ်တွင် စာစစ်ဌာန ၂၈ ခုရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာ ရင်းပေးထားသူ ကျောင်းသူ/သား ၄၇၀၀ ကျော် ရှိသည်ဟု စာမေးပွဲမကျင်းပမှီက တိုင်းပညာရေးမှူးရုံးနှင့် နီးစပ် သူတစ်ဦးက ပြောသည်။