ပုသိမ်တွင် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦး ထောင်ဒဏ်ပေးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ဦးဆောင်သူတစ်ဦးကို စစ်ကောင်စီ၏ ထောင်တွင်း တရားရုံးက ဧပြီလ ၁ ရက်နေ့(ယနေ့)တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

ပုသိမ်မြို့၊ အမှတ်၂ ရပ်ကွက် နီဂျောဓါလမ်းတွင် နေထိုင်သည့် ဦးမြင့်နိုင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုကာ တစ်နှစ်အကြာတွင် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုဝင် များနှင့် ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက “ထောင်တရားရုံး ကနေ ၂ နှစ် အမိန့်ချလိုက်တယ်။ ချုပ်ရက် ၁ နှစ်လျော့ပေါ့ ခံစားခွင့်ရပါတယ်” ဟု ပြောသည်။

ဦးမြင့်နိုင်သည် ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးအဖွဲ့ (HRWD )၏ ဒါရိုက်တာ တစ် ဦးဖြစ်ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၁၈၈၊ ပုဒ်မ-၂၅ တို့ဖြင့် အမှုစွဲတင်ခဲ့သော်လည်း ပုဒ်မ ၅၀၅-က ဖြင့် အမိန့်ချခံရသည်ဟု အဆိုပါ တရားလွှတ်တော်ရှေ့နေက ဆက်ပြောသည်။

ဦးမြင့်နိုင်သည် ပုသိမ်အကျဉ်းထောင်တွင်း၌ သွေးတိုးရောဂါ ခံစားနေရသူဖြစ်ပြီး မိသားစုမှ ပေးပို့သည့် ဆေးဝါး ကို သောက်သုံးနေရသည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။

“အမှန်တရား အတွက် လုပ်တာမို့ အဖမ်းခံရတာ။ ထောင်ချခံရတာ ဝမ်းနည်းစရာမရှိပါဘူး။ ကျန်းမာမကောင်း ဖြစ်နေတာကိုပဲ စိတ်ပူတယ်” ဟု ဦးမြင့်နိုင်၏ မိသားစုဝင်တစ်ဦး က ပြောသည်။

ဦးမြင့်နိုင်သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ပုသိမ်မြို့ရှိ ၎င်း၏ နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ပုသိမ်အကျဉ်းထောင်တွင် ပုသိမ်ခရိုင်အတွင်းမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသား၊ အမျိုးသမီး ၃၆၀ ခန့်ကို ဖမ်းဆီးချုပ်နှောင်ထားသည်ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများ၏ ပြောပြ ချက်အရ သိရသည်။

ပုသိမ်အကျဉ်းထောင်တွင်း၌ ဖမ်းဆီးခံထားရသည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံရေးတက်ကြွ လှုပ် ရှားသူများအနက် အမျိုးသမီး ၈ ဦး၊ အမျိုးသား ၇၂ ဦးကို ထောင်ဒဏ်အသီးသီး ချမှာထားပြီး ဖြစ်သည်ဟု သိရ သည်။