ဇလွန်တွင် ဗုံးသံသယဖြင့် လူ ၁၄ ဦး ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂ ရက်။

ဧရာ၀တီတိုင်း၊ ဇလွန်မြို့နယ် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ပြည်သူ ၁၄ ဦး ဖမ်းဆီးခံထားရ သည်ဟု သိရသည်။

ဇလွန်မြို့ EPC ရုံးရှေ့တွင် မတ်လ ၃၁ ရက်နေ့၊ နံနက် ၆ နာရီကျော် အချိန်ခန့်က ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့ သည့်အတွက် မတ်လအတွင်း ၃ ကြိမ် ဗုံးပေါက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ဇလွန်မှာဗုံးပေါက်လို့လူသေတာ မရှိသေးဘူး အဖမ်းခံရ သူကြတော့ များတယ်” ဟု ပြောသည်။

မတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ရက်နေ့ အထိ ၄ ရက်အတွင်း ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲ မှုများနှင့် ပတ်သက်၍ ခရီးသွားနှင့် ဒေသခံ ၁၄ ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးထားသည်ဟု ဇလွန်မြို့နယ် အုပ် ချုပ်ရေးရုံးနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ဖမ်းဆီးခံရသူများတွင် မတ်လ ၃၀ ရက်နေ့က ရေလဲရွာမှ စစ်တပ်ရဲ သတင်းပေး တစ်ဦးပစ်သတ်ခံမှုကြောင့် သံသယဖြင့် အဖမ်းခံရသူ ၄ ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီး ၂ ဦးလည်း ပါဝင်သည်ဟု မြို့နယ် အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ဇလွန်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများနှင့် စစ်တပ်၊ရဲ သတင်းပေး ဒလန်တစ်ဦး ပစ်သတ်ခံရမှုတို့ကြောင့် လုံခြုံ ရေး တင်းကြပ်မှုများကို စစ်ကောင်စီက ပိုမိုလုပ်ဆောင်နေသည်ဟု ဒေသခံအချို့က ဆိုသည်။

ဇလွန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့က ယင်း EPC ရုံးကို ပထမ အကြိမ်ဖောက်ခွဲ သတိပေးခဲ့ပြီး ယခုဒုတိယအကြိမ် သတိပေး ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“လျှပ်စစ်ရုံးဝန်ထမ်းတွေက အတင်းအကြပ် မီတာခ ကောက်တယ်။ မီတာ မဆောင်ရင်လည်း မီတာပုံး ဖြုတ် သိမ်းမယ် ခြိမ်းခြောက်လို့ သတိပေး ဖောက်ခွဲတာ” ဟု ဇလွန် PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဇလွန်မြို့နယ် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့သည် မတ်လ ၂၈ ရက်နေ့ညက ဇလွန်မြို့ မြန်မာ့လယ်ယာ စိုက်ပျိုးရေး ဘဏ်၊ မတ်လ ၂၉ ရက်နေ့ ညက ရေကျော်ကျေးရွာရှိ Mytel တာဝါတိုင်တို့ကို ဗုံးဖောက်ခွဲ ခဲ့သည်။

ထို့နောက် မတ်လ ၃၀ ရက်နေ့က စစ်ကောင်စီ သတင်းပေး ဦးတိုးမောင်ဆိုသူကို ရေလဲကျေးရွာ ရေကာတာတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဇလွန်မြို့နယ် ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။