ဝ တပ်ဖွဲ့နှင့် ရှမ်းပြည်တပ်မတော် RCSS/SSA အကြား တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်။

ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP/UWSA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ အကြား ဧပြီလ ၅ ရက်နေ့ (ယမန်နေ့) က ရှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မုန်းထနယ်မြေအတွင်းတွင် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိသည်ဟု UWSP/UWSA က ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် မုန်းတော့ မုန်းထ ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ UWSP/UWSA လာရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ယခုကဲ့သို့ ရေးသားထားသည်။

ဧပြီလ ၅ ရက်နေ့ တိုက်ပွဲ စတင်ဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ ဦးညီရမ်းက “ယမန်နေ့နံက်ပိုင်းတွင် မိမိတို့ထိန်းချုပ်နယ်မြေမုန်းထ ဒေသရှိလုံခြုံရေးတာဝန်ထမ်းဆောင်နေ သောမိမိတို့တပ်ဖွဲ့ဝင်အင်အား(၁၈) ဦး စခန်းချရာနေရာသို့ RCSSတပ်ဖွဲ့မှအင်အား၂၀ခန့်နယ်မြေ ကျူးကျော်ဝင် ရောက်လာခဲ့သဖြင့် မိမိတို့”ဝ” တပ်ဖွဲ့ မှကောင်းမွန်စွာမေးမြန်းစဉ် RCSSအဖွဲ့မှအခွင့်ကောင်းယူကာ စတင်ပစ်ခတ် သဖြင့်မိမိတို့”ဝ” တပ်ဖွဲ့ဝင် ရဲဘော် တဦးကျဆုံးခဲ့ရပြီးနောက်နယ်မြေရှင်းလင်းရေးအတွက်အပြန်အလှန်တိုက်ပွဲဖြစ်ပွါးခဲ့ရာ RCSSဘက်မှ (၅) ဦး ကျဆုံး ပြီးနောက်လက်နက်ငယ်၆လက်ရရှိခဲ့ပြီးနောက် မိမိတို့ဘက်မှတပ်ဖွဲ့ ဝင်(၂)ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ သည်” ဟု ရေးထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း UWSP/UWSA နှင့် RCSS/SSA တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သေး သည်ဟု ဦးညီရမ်းက ဆိုသည်။

၎င်းက “ဖေဖေါ်ဝါရီလ ၂၀၂၂/၀၂/၀၅ နေ့တွင် လွယ်မန်ထုံကြားခံနယ်မြေအတွင်းသို့ RCSS အဖွဲ့မှ ကျူးကျော် ဝင် ရောက်လာပြီးနောက် စနိုက်ပါဖြင့်ခြောင်းမြောင်းပစ်ခတ်သဖြင့်မိမိတို့”ဝ” တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့ ရသော် လည်း အပြန်အလှန်ပစ်ခတ်မှုခဏတာသာဖြစ်ပွါးခဲ့ပြီးနောက်မိမိတို့ “ဝ”တပ်ဖွဲ့မှအင်အားသုံးပြီးပြန်လည် လက်တုံ့ပြန် ခြင်းမပြုခဲ့ပါ” ဟု ပြောသည်။

ရှမ်းပြည်နယ်ရှိ လူအခွင့်အရေးချိုးဖောက်မှုအကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများအကြောင်း၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အစရှိသည့် သတင်းများကို စောင့်ကြည့်လေ့လာရေးသားနေသည့် ရှမ်းသံတော်ဆင့် သတင်း ဌာနက အယ်ဒီတာချုပ် စိုင်းမိဏ်းက ၂၀၂၂ ခုနှစ်အတွင်း UWSP/UWSA နှင့် RCSS/SSA တို့ နှစ်ဖက် စစ်ရေးတင်း မာမှု စတင်ဖြစ်ပေါ်လာခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

၎င်းက “အခုဖြစ်နေတဲ့ တိုက်ပွဲအခြေအနေက မနေ့က တိုက်ပွဲဖြစ်လို့ မနေ့က စတဲ့ တိုက်ပွဲတော့ မဟုတ်ဘူး။ ဒီ နှစ်ဆန်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပြဿနာတက်တယ်။ ဘာလို့ ပြဿနာတက်လဲဆိုတော့ အဲဒီအချိန် တုန်းက ဇန္နဝါရီလဆန်းပိုင်းတုန်းက “ဝ” တပ်ကနေ အင်အားထောင်ကျော် သင်တန်းဆင်းတယ်။ သင်တန်းဆင်း တော့ အဲဒီတစ်ကြောမှာ သူတို့ အတူတူရှိနေတဲ့ ပူးတွဲရှိနေတဲ့ တပ် တွေကြားမှာ စစ်အင်အား တွေပို့တယ်။ ပို့ တော့ ပုံမှန်ထက် တပ်အင်အားက ဝ တပ်အင်အားက ပိုရောက်လာ တော့ အဲဒီကတည်းက တင်းမာမှု စဖြစ်ခဲ့ တာ” ဟု ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် UWSP/UWSA နှင့် RCSS/SSA တို့အကြားက တိုက်ပွဲအခြေအနေ၊ စစ်ရေးတင်းမာမှု များနှင့် ပတ်သက်၍ RCSS/SSA ဖက်က သဘောထားကို သိရှိနိုင်ရန် ဆက်သွယ်သော်လည်း မရသေးပေ။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် RCSS/ SSA က အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက် ၎င်း၏ တပ်ဖွဲ့ဝင်များ၊ စစ်ဘေးရှောင်များ နှင့် တပ်မိသားစုများ နေ ထိုင်ရန် ဦးသိန်းစိန် အစိုးရက ချပေးထားသည့် နေရာဖြစ်ပြီး အဆိုပါ ဒေသ၏ ပတ်ပတ်လည်တွင် UWSA တပ်ဖွဲ့ ဝင်များရှိထားသည့် ဒေသဖြစ်သည်ဟု သိရသည်။

ထိုအနေအထားများကြောင့် ယခုတိုက်ပွဲဖြစ်ပွားလာသည့် အဆိုပါ ဒေသသည် ယခင်သမ္မတ ဦးသိန်းစိန် အစိုးရ လက် ထက်ကတည်းက နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပြဿနာဖြစ်အောင် စနစ်တကျ စီစဉ် နေရာချထားသည်ဟု ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်းက သုံးသပ်သည်။

စိုင်းမိဏ်းက “အဲဒီကတည်းက RCSS ကို ဌာနချုပ်လို့ သတ်မှတ်လိုက်တဲ့ အချိန်တုန်းကလည်း ဒီမကျေမချမ်း တော့ ဖြစ်ခဲ့တာပေါ့နော်။ အမှန်တော့ ဒီဟာတွေကလည်း အဲဒီခောတ်က ဦးသိန်းစိန်ခောတ်က အဲဒီခေတ်က တပ် မတော်ကလည်း ဒီမီးစကို ချထားတယ်လို့ မြင်မိတယ်ခင်ဗျာ။ အဲကတည်းကပေါ့နော။ အခုဖြစ်တာလည်း သိပ် မထူးဆန်းဘူးပေါနော။ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာအဖြစ် စီစဉ်ထားတဲ့နေရာလိုမျိုး ဖြစ်နေတော့ အဲလို မျိုး မြင်မိပါတယ်ခင်ဗျာ” ဟု ပြောသည်။

ယခုစစ်ရေးတင်းမာမှု ဖြစ်ပွားနေသည့် ဒေသသည့် ပြီးခဲ့သည့် ၂၀၀၁ နှင့် ၂၀၀၅ ခုနှစ်တွင် RCSS/SSA နှင့် UWSP/ UWSA တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဒေသဖြစ်သည်ဟု သိရသည်။

သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိပါက ၂၀၀၅ ခုနှစ်ကဲ့သို့ တိုက်ပွဲများ ပြင်းထန်စွာ ထပ်မံ၍ ဖြစ်ပွားလာနိုင်သည်ဟု စိုင်းမိဏ်းက ပြောသည်။