စစ်ကောင်စီ အထိနာသဖြင့် ပတ်ဝန်းကျင်ရွာများ ဝင်ရောက်မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကလေးဝ-ယာကြီးလမ်းပိုင်းရှိ ထုံးကြီးကျေးရွာနှင့် တက်ခေါင်းတီးကျေးရွာ နှစ် ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀ လုံးပြာကျသွားသည်ဟု ဒေသခံများက ပြောသည်။
မီးရှို့ဖျက်ဆီးခံရသည့် အိမ်များမှာ ထုံးကြီးကျေးရွာက နေအိမ် ၂ လုံး၊ တက်ခေါင်းတီးကျေးရွာက နေအိမ် ၈လုံး ဖြစ်ပြီး စစ်ဘေးရှောင်များ နေထိုင်သည့် တဲ ၁၂ လုံး ကိုပါ မီးရှို့သွားသည်ဟု ဒေသခံများက အတည်ပြု ပြော သည်။
အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦး က “ဘာဆိုဘာမကျန်ဘူး။ ပြာပဲကျန်တာ။ အကုန်လောင်တာ။ စပါးကျီတွေကော ပါတယ်။ အဲ့ဒါတွေ အပြင် တဲ ၁၂ လုံး မီးရှိ့ခံရတယ်။ အဲဒါက စစ်ဘေးရှောင်တွေ နေကြတာ” ဟု ပြောသည်။
ဧပြီလ ၄ ရက်နေ့ နှင့် ၅ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ် ပွားခဲ့ပြီးနောက် အနီးအနားရှိ ကျေးရွာအချို့က နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်း ဖြစ် သည်ဟု မင်းကင်းတောင်တွင်း PDF တာဝန်ရှိသူ က ပြောသည်။
နှစ်ဖက်ကြား ဖြစ်ပွားခဲ့သည့် ရင်ဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိနာသွားသည့်အတွက် နေအိမ်များကို ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်သည် ဟု မင်းကင်းတောင်တွင်း PDF တာဝန်ရှိသူ နှင့် ဒေသ ခံများက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာများထဲတွင် တပ်စွဲထားပြီး လုံခြုံရေးလည်း တင်းကြပ်ထားသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်များ တပ်စွဲထားသဖြင့် ထုံကြီးကျေးရွာ၊ တက်ခေါင်းတီးကျေးရွာ၊ လက်ပံတောကျေးရွာ များမှ ဒေသခံ တစ်ထောင်ကျော်လည်း ဘေးလွတ်ရာ တောတောင်များထဲ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရ သည်။
တက်ခေါင်းတီးကျေးရွာ ဒေသခံတစ်ဦးက “အားလုံးရှောင်နေကြရတယ်။ တောထဲပြေးကြရတာ။ နေအိမ်ကို မအိပ်ရဲဘူး၊ ညတွေဆို သေနတ်ဖောက်တယ်။ စစ်တပ်က အခုလည်း ရွာထဲတပ်စွဲထားတော့ မပြန်ရဲဘူး” ဟု ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေကြရသည့် သူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ပါဝင်သည့်အတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အခက်အခဲကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
မင်းကင်း ကလေးဝ၊ ယာကြီးလမ်းတွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီ ၅ ရက်နေ့ အထိ နှစ်ပတ်ခန့်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးကျော် သေဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဘက်က ၃ ဦးကျဆုံးခဲ့သည်ဟု မင်းကင်းတောင်တွင်း PDF အဖွဲ့ထံမှ သိရသည်။
မင်းကင်း၊ ကလေးဝ-ယာကြီးလမ်းတွင် စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်း နေအိမ်အလုံးရေ စုစုပေါင်း ၂၀ ကျော် မီးရှို့ဖျက်ဆီးခံရသည် ဟု ဒေသခံများက ပြောသည်။
ဓါတ်ပုံ – ပုံဟောင်း