ပုသိမ်ထောင် အတွင်း NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး တိုက်ပိတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင် အကျဉ်းချခံထားရသည့် ပုသိမ်ခရိုင်မှ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ထောင် ဖောက်ရန်ကြံစည်ဟု စွပ်စွဲပြီး သီးခြားပြောင်းရွှေ့ချုပ်နှောင်ခြင်း (တိုက်ပိတ်ခြင်း) ခံထားရသည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ပုသိမ်မြို့နယ်မှ ဦးသန်းထွဋ်၊ သာပေါင်း မြို့ နယ်မှ ဦးအောင်အောင်ဦး နှင့် သာပေါင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းတို့အား မူလ နေ ထိုင်ရသည့် အိပ်ဆောင်မှ ထောင်တွင်းအပြစ်ကျအချုပ်တိုက် သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည် ဟု အကျဥ်းဦး စီးဌာနနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက “ထောင်ပိုင်ကြီးက သူတို့ ၃ ယောက်ကို ထောင်ဖောက်ဖို့ လုပ်တယ်ဆိုပြီး ထောင်ထဲမှာ အပြစ်ထပ်လုပ်သူတွေထားတဲ့ တိုက်ကိုပို့လိုက်တာ” ဟု ပြောသည်။

ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် ခေါင်းဆောင်နိုင်သည့် CRPH အဖွဲ့ဝင်များ ဖြစ်နေသဖြင့် အထက် မှ ဖိအားပေးသောကြောင့် ထောင်ပိုင်ကြီးက သီးသန့်နေရာသို့ ပြောင်းလိုက်ခြင်းဖြစ်သည်ဟု အဆိုပါ အကျဉ်းဦးစီး ဝန်ထမ်းက ဆက်ပြောသည်။

ပုသိမ်အကျဥ်းထောင်၌ ထောင်ကျဘူးသူတစ်ဦး က ပုသိမ်ထောင်တွင်ရှိသော ယင်းတိုက် (အဆောင်) ကို “တိုက် နီ” ဟုခေါ်ပြီး ထောင်တွင်း၌ သီးသန့် အပြစ်ပေး ချုပ်နှောင်သည့် အကျဥ်းတိုက် ဖြစ်သည်ဟု ရှင်းပြသည်။

ယင်းအကျဥ်းတိုက်တွင် ကျန်းမာရေးနှင့် မညီညွှတ်သော အခန်းများရှိပြီး ယခင်က အနာကြီးရောဂါ၊ တီဘီရောဂါ ကဲ့သို့သော ကူးဆက်ရောဂါ ခံစားနေရသည့် ထောင်အချုပ်သားများကို ထားရှိသည့်အပြင် အချုပ်သားအချို့ကို ထောက်ခတ် ခြေထိပ်ခတ်ကာ ထားရှိသည်ဟု ပုသိမ်အကျဉ်းထောင်တွင် ထောင်ကျဘူးသူက ဆက်ပြောသည်။

နိုင်ငံရေးအကျဥ်းသားများအား ကူညီထောက်ပံ့ပေးနေ သူတစ်ဦးက “ဒါက ထောင်တွင်းက နိုင်ငံရေးသမားတွေ ကို စိတ်ဓာတ်ပျက်ပြားအောင် နှိပ်စက်ညှင်းပန်းတာပါ” ဟု ကောက်ချက်ချပြောဆိုသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရ ရွေးချယ်ခံရသည့် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးသိန်းထွန်း၊ ဦးအောင်အောင်ဦး နှင့် ဦးသန်းထွဋ် တို့ကို ၂၀ ၂၁ ခုနှစ် မတ်လဆန်းက ပုသိမ်မြို့နယ် ရွှေမြင်တင် ကျေးရွာတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခု တွင် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ် အင်အားသုံးကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ပုသိမ်ထောင်တွင် အကျဉ်း ကျခံနေရသူများ ဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် သာပေါင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးသိန်းထွန်း နှင့် ဦးအောင်အောင်ဦးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့က စစ်ကောင်စီ၏ ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များ၏ ပြောပြချက်များအရ သိရသည်။