ထိုင်းနယ်စပ် လမ်းများပိတ်ခြင်းကြောင့် ထိုင်းကုန်ပစ္စည်းများ ဈေးထပ်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။

မွန်ပြည်နယ် စျေးကွက်အတွင်း ထိုင်းနိုင်ငံမှတဆင့် တင်သွင်းရောင်းချနေသည့် စားသောက်ကုန်များနှင့် အသုံး အဆောင်ပစ္စည်းများ စျေးထပ်မံမြင့်တက်လာသည်ဟု ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူအချို့နှင့် စားသုံးသူ များ က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်တို့အကြား မတ်လကုန်ပိုင်းခန့်မှစကာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးနောက် လမ်းကြောင်းများ ပိတ်ပြီး ယခုကဲ့သို့ စျေးများမြင့်တက်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ထို့အပြင် KNU ဘက်ကလည်း မတ်လ ၂၇ ရက်နေ့မှ စတင်ကာ အာရှလမ်းမကြီးအား အသုံးပြုမှုကို ရပ်ဆိုင်းထား ရန်လည်း ထုတ်ပြန်ထားသည့်အတွက် ထိုင်းကုန်စည်စီးဆင်းမှုလည်း ရပ်ဆိုင်းလုနီးပါးဖြစ်သွားခဲ့သည်ဟု နယ် စပ်ကုန်သည်အချို့က ပြောသည်။

”မြဝတီလမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတော့ ထိုင်းပစ္စည်းတွေ လာလို့မရလို့ ပစ္စည်းတွေ စျေးတက်တာ၊ တချို့ ပစ္စည်းတွေဆို စျေးကွက်မှာပြတ်နေပြီ။ ပစ္စည်းတွေ ထပ်မဝင်ဘူးဆိုရင် စျေးက ထပ်တက်အုံးမယ်” ဟု ထိုင်း ကုန်ပစ္စည်းရောင်းသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်စျေးကွက်တွင် ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း အများစုသည် မြဝတီနယ်စပ်မှ တဆင့် တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများဖြစ်သည်ဟု ကုန်သည်များထံမှ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်က တိုက်ပွဲဂယက်ကြောင့် မွန်ပြည်နယ်စျေးကွက်အတွင်း ရောင်းချနေ သည့် ထိုင်းကုန်ပစ္စည်းများ အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၁၀၀ မှ ကျပ် ၁၀၀၀ ဝန်းကျင်ခန့် အထိ စျေးတက် သွားသည်ဟုလည်း အရောင်းအဝယ်စျေးကွက်မှ သိရသည်။

“ထိုင်း ပဲပိစပ်ဆီ (တစ်လီတာဗူး) တစ်ဗူးက ၄၄၀၀/၄၅၀၀ ကနေ အခု ၅၀၀၀ ကျော်ဖြစ်သွားတယ်။ စျေးတွေ တက်သွားတယ်။ ဆိုင်တွေကတော့ မြဝတီလမ်းပိတ်လို့ ပစ္စည်းတွေ မဝင်လို့ စျေးတက်တယ်ပြောတယ်” ဟု စားသုံးသူ မအေးမွန်က ပြောသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံကနေ တင်သွင်းရောင်းချနေသည့် စားသောက်ကုန်များ အသုံးအဆောင်ပစ္စည်းများ စျေး တက်ပြီး အချို့ကုန်ပစ္စည်းများဆိုပါက စျေးကွက်အတွင်း ပြတ်လပ်သွားသည်လည်း ရှိသည်ဟု ‌ထိုင်းကုန် ပစ္စည်း ရောင်းသူများ၏ ပြောပြချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ဆန်၊ ဆီ အစရှိသည့် အခြေခံစားသောက်ကုန်များ၊ ထိုင်းနိုင်ငံဘက်မှ တင်သွင်းရောင်းချနေသည့် ကုန်ပစ္စည်းများ စျေးတက်လာခဲ့ရာ လက်ရှိအချိန်တွင် ယခင်က ထက် စျေးနှုန်း နှစ်ဆကျော် သုံးဆနီးပါးအထိ စျေးတက်လာသည်ဟု စားသုံးသူများက ဆိုသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် KNU/KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်မှာ သီတင်းပတ်နှင့် ချီ ရှိပြီဖြစ်သည်။

ယခုတိုက်ပွဲများ ဖြစ်ပွားနေသည့် မြဝတီ-ကော့ကရိတ် လမ်းပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိက ကျ သည့် လမ်းမကြီး ဖြစ်သည်။