ကလေးတွင် ချင်း အမျိုးသမီး ၃ ဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။

PDF အဖွဲ့နှင့် ဆက်စပ်သည့်ဟု စွပ်စွဲပြီး ကလေးမြို့မှ ချင်းအမျိုးသမီး ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဒေသခံ များက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အမျိုးသမီး ၃ ဦးကို PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ မတာချင်နှယ် (ခ) နှောင်ညား၊ မဗန်ဆွေဒိမ်းနှင့် ဒေါ်ဟယ်လင်တို့ဖြစ်ပြီး ၎င်းတို့သုံးဦးသည် ကလေးမှ ရန်ကုန်သို့သွားသည့် ခရီးသည်ယာဉ်ပေါ်တွင် လိုက်ပါစီးနှင်းရင်း၊ ကျီးကုန်းကျေးရွာရှိ စစ်ကောင်စီ တပ် ၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ သုံးဦးအား ကလေးဒေသ ကွပ်ကဲရေး စစ်ဌာချုပ် (ဒကစ) သို့ ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု ဒေသခံများ က ပြောသည်။

ဒေါ်ဟင်လင်သည် ကလေးမြို့က စမ်းမြို့ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး၊ မတာချင်နှယ်(ခ) နှောင်ညာနှင့် မဗန်ဆွေ ဒိမ်းတို့သည် ခမ်းပါတ်မြို့တွင် နေထိုင်သူများ ဖြစ်သည်ဟု သိရသည်။

၎င်းတို့သုံးဦးသည် PDF အဖွဲ့နှင့် ဆက်စပ်သူများ မဟုတ်ဘဲ သာမန်အရပ်သားများ ဖြစ်သည်ဟု ဒေသကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောသည်။

ကလေးမြို့တွင် ဧပြီ ၂ ရက်နေ့နှင့် ၃ရက်နေ့ တို့တွင်လည်း CDM ကျောင်း ဆရာမတစ်ဦး အပါအဝင် လူလေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

ကလေးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးခံရ သူ စုစုပေါင်း ၄၂၆ ဦး ရှိသည်ဟု ကလေးမြို့ ပင်မသပိတ်ဦးဆောင်သူများ က ပြောသည်။

ဓါတ်ပုံ – ဧပြီ ၇ ရက်နေ့၊ ကလေးမြို့ နတ်ချောင်းလမ်းကို တွေ့ရစဉ်