ကလေးတွင် အရပ်သား လူကြီး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဧပြီ ၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့်
အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦး သေနတ်ထိမှန်သေဆုံးသွားသည်ဟု ဒေသခံများကပြောသည်။

သေဆုံးသူ ဦးဉာဏ်ထွန်းသည် ဗိုလ်ချုပ်လမ်းမအတိုင်း သုံးဘီးယာဉ်မောင်းနှင်လာစဉ် မွန်းလှိုင်ရပ်ကွက် စစ် ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အနီးတွင် သေနတ်ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည် ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

“သူကဆိုက်တွဲသမား ဒီလမ်းအတိုင်း လူတိုင်းသွားနေကြတာပဲ။ ဒီနေ့တော့ ကလေး တက္ကသိုလ်ဘက်မှာ သေနတ် သံတွေကြားရတယ်။ သူမောင်းတဲ့နားမှာလည်း စစ်တပ်ကဂိတ်ရှိတယ်။ အဲဒီနားက ပစ်လိုက်လို့ မှန်သွားတာ” ဟု ပြောသည်။

သုံးဘီးယာဉ်မောင်းနှင်သူအား PDf အထင်နှင့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့သူ က ပြောသည်။

သေဆုံးသွားသူသည် ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သုံးဘီးယာဉ်မောင်းနှင်သည့် အလုပ် လုပ်ကိုင်သူဖြစ်သည်ဟုလည်း သိရသည်။

ဇန္နဝါရီလ ၁ ရက်နေ့တွင်လည်း ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် နေထိုင်သည့် ကျောင်းဆရာမ ဒေါ်ရီရီခိုင် ကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လမ်းမပေါ်တွင် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အလားတူ ဇန္နဝါရီလ ၃၁ ရက်နေ့ကလည်း အောင်သစ္စာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးနှင့် အောင် မြေမာန်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၇ ရက်နေ့သည် ကလေးမြို့ သပိတ်ခံတပ်ကို စစ်ကောင်စီတပ်ဖွဲ့က ဒုတိယအကြိမ် အကြမ်းဖက်ဖြိုခွင်းခဲ့ သည့် တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ယခင်နေ့များကထက် လုံခြံရေးနှင့် စစ်ဆေးမှု များတင်းကြပ်ထားသည်ဟု ကလေးမြို့ခံများက ပြောသည်။

ကလေးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် သေဆုံးသူ လူဦးရေ ၁၂၀ ခန့် ရှိပြီဟု ကလေးမြို့ ပင်မသပိတ် ဦး ဆောင်သူများက ပြောသည်။

ဓါတ်ပုံ – ဧပြီ ၇ရက်နေ့တွင် စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသူ ကလေးမြို့က အမျိုးသားအား တွေ့ရစဉ်