စစ်ဆေးရေး ဂိတ် ပစ်ခတ်မှုတွင် ဖမ်းခံရသူ လူငယ် တစ်ဦး စစ်ကြောရေးတွင် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။
ပုသိမ်မြို့အဝင် ကိုးဆူကျေးရွာရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်မှုတွင် အဖမ်းခံရသူ လူငယ် ၁ ဦး စစ်ကောင်စီတပ်က စစ်ဆေးစဉ် သေဆုံးသွားသည်ဟု သိရသည်။
ဧပြီလ ၃ ရက်နေ့၊ ည ၉ နာရီကျော်အချိန်ခန့်က မြို့အဝင်ဂိတ်ကို ဆိုင်ကယ်စီး လူငယ် ၂ ဦးက သေနတ်ဖြင့် လာ ရောက်ပစ်ခတ်ခဲ့ပြီးနောက် ဂိတ်ရှိ စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့ရာ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဖမ်းခံလိုက်ရခြင်းဖြစ်သည် ဟု ကိုးဆူကျေးရွာသားများ၏ ပြောပြချက်အရ သိရသည်။
ဒေသခံ မျက်မြင်တစ်ဦးက “ကောင်လေးတစ်ယောက်က ဆိုင်ကယ်နဲ့ မောင်းပြေးတာ လွှတ်သွားတယ်။ မိတဲ့ ကောင်လေးရဲ့ ဒဏ်ရာက ပေါင်လား ခါးလား မကွဲပြားဘူး။ ခါးအောက်ပိုင်း သွေးတွေတွေ့ရတယ်။ သေလောက် တဲ့ဒဏ်ရာတော့ မဟုတ်ဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်က ဒဏ်ရာဖြင့် ဖမ်းမိသွားသည့် လူငယ်မှာ ကျုံပျော်မြို့နယ်မှ ဖြစ်ပြီး ၎င်းနှင့်အတူ သေနတ် အတို တစ်လက်နှင့် လက်ပစ်ဗုံးတစ်လုံးကို သိမ်းဆည်းရမိခဲ့သည်ဟု စစ်ဆေးရေးဂိတ် တာဝန်ကျသူများနှင့် နီးစပ်သူ တစ်ဦး က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ဒဏ်ရာဖြင့် ဖမ်းမိသည့် လူငယ်ကို (နတခ) အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ စစ်ကြော ရေးစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးစဉ် ဧပြီလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် သေဆုံးသွားခြင်း ဖြစ် သည်ဟု သိရကြောင်း စစ်ဆေးရေးဂိတ် တာဝန်ကျသူများနှင့် နီးစပ်သူက ဆက်ပြောသည်။
“မီးပျက်နေတဲ့အချိန်မှာ ပစ်လာပစ်သွားတာ။ အဲ့ဂိတ်က မီးစက်နဲ့ ရွာထဲက မီးစက်သံတွေ ဆူညံနေတော့ သေ နတ်သံရယ် ဘာသံရယ်လို့ သဲသဲကွဲကွဲ မကြားရဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။
ပုသိမ်ဒေသခံ ပျောက်ကြား တပ်ဖွဲ့များကမူ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ တိုက်ခိုက် မှုများကို ယာယီရပ်ဆိုင်းထားကြောင်း သတင်းထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က ပုသိမ်မြို့နှင့် တစ်ဆက်တည်းရှိ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကညင်ငူကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ကင်းလှည့်ယာဉ်တန်းကို လူငယ် ၂ ဦး လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ကမ်းနားလမ်းရှိ ရေကြောင်း ရဲတပ်ဖွဲ့ စခန်းကိုလည်း လူငယ် ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှု နှစ်ခုအနက် စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံမှုတွင် စစ်ကောင်စီလက်အောက်ခံ တပ်သား ၄ ဦး သေဆုံးပြီး ဒဏ်ရာဖြင့် ဖမ်းမိသည့် PDF လူငယ်တစ်ဦးလည်း စစ်ဆေးခံရစဉ် သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု ခိုင်မာသည့် သတင်း ရင်းမြစ်များထံမှ သိရသည်။
ထို့အတူ ရေကြောင်း ရဲတပ်ဖွဲ့စခန်း တိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာဖြင့် ဖမ်းဆီးခံ ခဲ့ရသည့် လူငယ်တစ်ဦးလည်း စစ်ဆေးခံနေရစဉ် သေဆုံးသွားခဲ့သည်ဟု သိရသည်။
ဓါတ်ပုံ – ပုသိမ်မြို့အဝင် ကိုးဆူရွာတံတား အနီးရှိ စစ်ဆေးရေးဂိတ်