ဧရာဝတီတိုင်းတွင် စစ်ကောင်စီ ဆန့်ကျင်သူများကို ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးရန် ပြင်ဆင်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် စစ်ကောင်စီကို ဆန့်ကျင်နေကြသည့် သူများအား ပိုက်စိပ် တိုက်ရှာဖွေဖမ်းဆီးရန် တိုင်းစစ်ကောင်စီက စီစဉ်နေသည်ဟု သိရသည်။

ဝရမ်းထုတ်ခံရသည့် CDM ဝန်ထမ်းများ၊ သပိတ်ခေါင်းဆောင်များ၊ NLD လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီ စည်းရုံးရေးမှူးများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ အဖွဲ့ အား အွန်လိုင်းမှ တိုက်ခိုက်နေသူများကို ဖော်ထုတ် ဖမ်းဆီးရန် ဖြစ်သည်ဟု စစ်ကောင်စီရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

“အရင်ကလည်း ဖမ်းတာကတော့ ဖမ်းတယ်။ ခုတော့ ဝရမ်း ထုတ်ထားတဲ့ လူတွေ တချို့ဖမ်းမမိဘူး။ ပျောက် နေတယ်၊ အဲ့ဒါကို လူကြီးက ဆူတာကြောင့် အဖမ်းပြချင်တာ” ဟု စစ်ကောင်စီရုံး နှင့် နီးစပ်သူတစ်ဦး က ပြော သည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီ သတင်းပေး ဒလန်များ၊ စစ်မှုထမ်းဟောင်းများ၊ ရဲဝန်ထမ်း ဟောင်းများနှင့် ပျူစောထီးအဖွဲ့ဝင်များအား ၎င်းတို့၏ ဒေသအတွင်း၌ စုံစမ်းပေးရန် ခိုင်းစေထားသည်ဟုလည်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့ကမှု ရပ်ရွာအေးချမ်းသာယာရေး အတွက် ပါဝင်ဆောင်ရွက်နေခြင်းဖြစ်၍ လူဆိုး သူခိုး မဟုတ်ပဲ စစ်တပ်ကို ဆန့်ကျင်သူများ၏ အမည်စာရင်းကို စစ်တပ်နှင့် ရဲထံ သတင်းပေးရန်မှာ ရပ်ကွက် အတွင်း နေထိုင်သူများနှင့် ရန်တိုက်ပေး သကဲ့ ဖြစ်နေပြီး ၎င်းတို့သည် အသက်အန္တရာယ် ရှိနိုင်သည်ဟု ပြောဆို နေကြသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက “ရပ်ကွက်ထဲက NLD စည်းရုံးမှူးတွေရဲ့ အမည်စာရင်း ပေးဆိုပြီး လာတောင်းတယ်။ ပါတီတွေနဲ့ မပတ်သက်ဘူးလို့ မသိပါဘူး ပြောလိုက်ရတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ရန် စစ်ကောင်စီက ကြေညာထား သည့် ရွေးကောက်ပွဲ မဲစာရင်းအတွက်ဟုဆိုကာ ဧပြီ ၁ ရက်နေ့မှစတင်၍ စစ်ကောင်စီ လက်အောက်ခံ လဝက ဌာနက မှတ်ပုံတင်များကို စစ်ဆေးပြီး အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ယူနေသည်ဟု သိရသည်။

စစ်ကောင်စီ၏ ဒုတိယ ခေါင်းဆောင်က မိသားစုဝင်စာရင်း (သန်းခေါင်စာရင်း)ကို တစ်အိမ်တက်ဆင်း စစ်ဆေး ရန် ညွှန်ကြားထားသည်ဟု အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဧရာဝတီတိုင်း အတွင်းရှိ ရဲစခန်း နှင့် စစ်တပ်၏ စစ်ကြောရေးစခန်း မပါပဲ အကျဉ်းထောင် ၅ ခု တွင် ဖမ်းဆီး ထိန်းသိမ်းခံထားသည့် နိုင်ငံရေးသားအကျဉ်းသား ၁၄၀၀ ခန့်ရှိနေပြီးအ ပုသိမ်အကျဉ်း ထောင်တွင်းတွင် အကျဉ်း သား ၃၅၀ ဝန်းကျင် ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့ကူညီပေးနေသူ အချို့ ၏ ပြောပြ ချက်များအရ သိရသည်။