နိုင်ငံရေး အကျဉ်းသူ တစ်ဦး မီးဖွားရန် အခက်အခဲ ကြုံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်အတွင်း၌ ဖမ်းဆီးခံထားရသည့် ကိုယ်ဝန်ဆောင် နိုင်ငံရေး အကျဉ်းသူ တစ် ဦး မီးဖွားရန်အတွက် အခက်အခဲဖြစ်နေပြီး ဆေးဝါးအပါအဝင် အခြားအကူအညီများ လိုအပ်နေသည်ဟု သိရသည်။

ကန်ကြီးထောင့်မြို့၊ ညောင်ပင်ကြီးကျေးရွာက ပုဒ်မ ၅၀-ည၊ ၅၂-က တို့ဖြင့် အဖမ်းခံထားရသည့် ကိုယ်ဝန်သည် နိုင်ငံရေး အကျဉ်းသူနှင့် မွေးဖွားလာမည့် ကလေးငယ်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေခြင်း ဖြစ် သည်ဟု နိုင်ငံရေး အကျဉ်းသားများအား ကူညီထောက်ပံနေသူများ က ပြောသည်။

နိုင်ငံရေး အကျဉ်းသားများအား ကူညီထောက်ပံ့ပေးနေသူ တစ်ဦးက “ဒီလ ဒုတိယ အပတ်ထဲမှာ မွေးမှာ။ မိခင် အတွက်ရော ကလေးအတွက်ရော အသုံးအဆောင် ဆေးဝါး လိုအပ်နေ တာ” ဟု ပြောသည်။

မိခင်နှင့်ကလေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာ၊ ဆေးဝါးများ၊ အိပ်ယာမှအစ၊ အနှီးပိတ်၊ ကလေးနှင့် မိခင်အတွက် အစားအသောက်၊ အနေအထိုင် စသည့် လိုအပ်ချက်များ အပြင် စိတ်ဓါတ်ခွန်အားက အစလိုအပ်သည်ဟု ကလေးမိခင်တစ်ဦးက ပြောသည်။

ပုသိမ်အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသူ ကိုယ်ဝန်ဆောင်သည် ပုသိမ်မြို့၊ ပြည်သူ့ ဆေးရုံကြီးတွင် တက် ရောက် မွေးဖွားခွင့်ရရှိထားသော်လည်း မွေးဖွားမည့်အချိန်တွင် မိသားစုဝင်များအား အချိန်မှီ ဆက်သွယ် အကြောင်းကြားရန်လည်း ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။

ထောင်တွင်းက ဘဝတူ အကျဉ်းသားများအနေဖြင့် မီးနေသည်အား စောင့်ရှောက်ပေးနိုင်သည့် အခွင့်အလမ်းမှာ အကျဉ်းထောင် စည်ကမ်းများအရ အလွန်နည်းပါးသည်ဟု ထောင်ကျဖူးသည့် အမျိုးသမီးတစ်ဦး က ပြောသည်။

“ထောင်ဆိုတာက အိပ်ချိန် စားချိန် အလုပ်လုပ်ရတာကအစ အချိန်ဇယားနဲ့လုပ်ရတာ။ အိပ်တဲ့နေရာက အစ သတ်မှတ်ချက်နဲ့လေ။ အဆောင်ကူးလို့လည်း မရဘူးလေ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ပုသိမ် အကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မ အမျိုးမျိုးဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီး ၄၀ ခန့်ရှိသည့် အနက် ကိုယ်ဝန်ဆောင်သည် ၃ ဦး ရှိသည်ဟု သိရသည်။

ထို့အပြင် မိခင်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း အကျဉ်း ထောင် ထဲတွင် ရှိနေသည်ဟု ပုသိမ် အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။