ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာက အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဧပြီ ၇ ရက်နေ့ (ယနေ့) နံနက် ၆ နာရီကျော်အချိန်ခန့်က ဈေးထဲတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့လိုက်ရသည်ဟု ဒေသခံရွာသားများက ပြောသည်။

အပစ်ခံရသူ အသက် ၅၈ နှစ်အရွယ် ဦးဇော်နိုင်ဦး(ခ) နိုင်ဦးဖြစ်ပြီး မိန်းမဖြစ်သူနှင့်အတူ ဈေးဝယ်နေစဉ် သေနတ် ဖြင့် ပစ်ခတ်ခံရပြီးနောက် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို သူက အုပ်ချုပ်ရေးမှူးထက် အရေးပါအရာရောက်တယ်။ စစ်တပ်နဲ့ ပိုင်တယ် ဆို ပြီးတော့ ရွာမှာထောင်ထောင်နဲ့နေတာ” ဟု မျက်မြင်တွေ့ရှိသူ စျေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

ဈေးအတွင်း ပစ်ခတ်ခဲ့ခြင်းကြောင့် ဦးနိုင်ဦးအပြင် အခြားဈေးသည် နှစ်ဦးလည်း ကျည်ထိမှန်ခဲ့ရာ လောင်းလုံမြို့ နယ် ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

စျေးသည်နှစ်ဦးအနက် ၁ ဦးမှာ လက်ဖဝါးတွင် ဒဏ်ရာရရှိခဲ့ပြီး နောက် ၁ ဦးမှာ ခြေသလုံးကို ကျည် ရှပ်ထိမှန်ခဲ့ ခြင်း ဖြစ်သည်။

သေဆုံးသူ ဦးနိုင်ဦးသည် ကျေးရွာ အရံမီးသတ်အဖွဲ့တွင်လည်း ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ညင်းမော်ဘုန်းကြီး
ကျောင်းအနီးတွင် နေထိုင်ကာ အရက်ရောင်း၊ လောင်းကစားဝိုင်းထောင်ကာ လုပ်ကိုင်နေသူဖြစ်သည်ဟု ရွာသား များက ပြောသည်။

ဦးနိုင်ဦး ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဆိုသည်ကို မသိရ သေးသလို မည်သည့်အဖွဲ့အစည်းကမှလည်း ထုတ်ပြန်ကြေငြာခြင်းလည်း မရှိသေးပေ။

ဧပြီလ ၄ ရက်နေ့တုန်းကလည်း ညင်းမော်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ဦးစိန်လွင် သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရကာ လက်မောင်းဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။