KNU သိမ်းပိုက်ခဲ့သည့် မော်ခီး စခန်းကုန်းကို စစ်ကောင်စီ တပ်များ ပြန်လည် စခန်းထိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။
ကရင် ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့သည့် မော်ခီး စခန်းကုန်းကို စစ်ကောင်စီ တပ်များ ပြန်လည် ဝင်ရောက် တပ်စွဲထားသည်ဟု ကရင့် အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၆) ကပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်းရှိ မော်ခီးစခန်းကုန်းသည် စစ်ရေးအရ အနီးအနားရှိ စစ်စခန်းများကို အထောက်အကူပြုပေးနိုင်သည့် စခန်းကုန်းဖြစ်သည့်အတွက် စစ်ကောင်စီတပ်များ ပြန်လည် ဝင်ရောက်လာ ခြင်းဖြစ်သည်ဟု KNU တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး ပဒို စောအယ်ကော်သော က ပြောသည်။
“မော်ခီးစခန်းကုန်းကတော့ ကျနော်တို့ ဒီ KNLA နဲ့ လက်နက်ကိုင် တပ်ဖွဲ့အတွက်က တော့ အခက်အခဲ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် စစ်ကောင်စီဖက်ကတော့ ခုနက တင်ပြထားသလိုပဲ သူတို့အ တွက် နည်းနည်း အထောက်အကူလေး စခန်းတစ်ခုလို့ ထင်တာပေါ့နော်။ အထောက်အကူကလည်း ခုနပြောသ လိုပဲ ဒီနယ်စပ်မှာလည်း ရှိတဲ့အခါကျတော့ ဒီကနဲလေးနဲ့ ထိုးကျိုးရဲ့စခန်းကို ရှေ့ဆက်ပြီး နှောက်ယှက်ခြင်း မပြုနိုင်အောင် ဒါတစ်ဖက်တစ်လမ်းကနေ ဒီစခန်းက အထောက်အကူဖြစ်တာပေါ့နော။ အဲလိုဖြစ်တဲ့ အခါကျ တော့ ဒီအရံတပ်စခန်းအနေနဲ့လည်း ဖြစ်ရင်ဖြစ်မယ်“
မတ်လ ၂၁ ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက် သိမ်းယူကာ မီးရှို့ဖျက်ဆီးခဲ့သည့် မော်ခီးစခန်းကုန်းသို့ စစ်ကောင်စီတပ် က ဧပြီလ ၆ ရက်နေ့ နေ့လည် ၁၂ နာရီ ဝန်းကျင် အချိန်ခန့်က ပြန်လည်ရောက်ရှိလာကာ တပ်စွဲထား ကြသော်လည်း ရောက်ရှိလာသည့် အရေအတွက်ကို အတိအကျ မသိရသေးဟု ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည်ရောက်ရှိနေသည့်အတွက် အနီးအနားရှိ ဒေသခံပြည်သူများမှာ လူအခွင့် အရေး ချိုးဖောက်ခံရမှုများနှင့် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု ပဒိုစောအယ်ကော်သော က ဆက်ပြောသည်။
“စကစ က ဒီမောခီးစခန်းကို ပြန်လာထိုင်တာကတော့ ပထမအနေနဲ့ကတော့ အဲဒီအနီးအနားမှာရှိတဲ့ ပြည်သူလူထုတွေ နည်းနည်းပါးပါး ဂယက်ရိုတ်မှုကတော့ ရှိတာပေါ့နော။ ဥပမာ တစ်ခုခု အသံကြားလို့ရှိရင် ကြောက်လန့်ခြင်းပဲဖြစ်ဖြစ် ဒီပစ်ခတ်မှုတွေ ဖြစ်ရင်လည်း ပြည်သူလူထု အနီးအနားမှာရှိတဲ့ ကျေးရွာတွေ လည်း ဒါတိုက်ပွဲတွေ ဘာတွေဖြစ်မယ်ဆိုရင် ဒါအခက်အခဲတွေ အများကြီး ပြည်သူလူထုတွေအတွက် နည်းနည်း စိုးရိမ်ရတာပေါ့နော်”
သို့သော် တိုက်ပွဲများ ဖြစ်ပွားလာခြင်း မရှိသေးပဲ စစ်ရေးအခြေအနေမှာ လက်ရှိအချိန်အထိ ငြိမ်သက်နေသည် ဟု ဆိုသည်။
Photo – CJ