ဗမာ့ လွတ်မြောက်ရေး တပ်မတော် BPLA ကို ညီနောင် မဟာမိတ် သုံးဖွဲ့ ပံ့ပိုးကူညီသွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ဗမာပြည်လွတ်မြောက်ရေး တပ်တော် (BPLA) ကို အဖက်ဖက်မှ ကူညီပံ့ပိုးဝန်းရံသွားမည် ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုလိုက်သည်။
ဧပြီလ ၁၇ ရက်နေ့ (ယမန်) နေ့က ကျရောက်သည့် ဗမာပြည်လွတ်မြောက်ရေး တပ်တော် (BPLA) တည် ထောင် ခြင်း တစ်နှစ်ပြည့် အခမ်းအနားသို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပေးပို့သည့် ဂုဏ်ပြု သဝဏ်လွှာထဲတွင် ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က “BPLA ၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေဖြင့်လည်း တတ်နိုင် သရွေ့ ပံ့ပိုးဝန်းရံသွားမှာ ဖြစ်ပါ ကြောင်း BPLA ၏ တစ်နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားသို့ ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်” ဟု ပြောသည်။
ဗမာပြည်လွတ်မြောက်ရေး တပ်တော် (BPLA) ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရန်အတွက် အ ဖက်ဖက်မှ တတ်နိုင်သလောက် ပံ့ပိုးကူညီသွားမည်ဟု ဆိုသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့မှာ ရက္ခိုင့်တပ်တော် ULA/AA တအန်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် PSLF/TNLA နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန်) တို့ ဖြစ်သည်။
တစ်ဖက်တွင်လည်း BPLA အနေဖြင့် တည်ငြိမ်သည့် မူဝါဒများကို ရေးဆွဲချမှတ်ပြီး ဗမာတိုင်းရင်းသားများ အပါအဝင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံရသည့် တိုင်းရင်းသား လူထုများအတွက် အလုပ်လုပ်ပေးနိုင်သည့် အဖွဲ့အစည်းဖြစ်ရန် မျှော်လင့်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။
“မြန်မာပြည်သူတစ်ရပ်လုံး လိုလားသော အနာဂတ် မျှော်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ပြီး ဗမာလူမျိုး အပါအဝင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံနေရသော တိုင်းရင်းသား ပြည်သူလူ ထုတစ်ရပ်လုံး အတွက် ရပ်တည်ကာ တည်ငြိမ်သော မူဝါဒများကို ရေးဆွဲချမှတ်နိုင်ရန် မျှော်လင့်ပါသည်။ တိုင်းပြည်အတွက် ပြည်သူ့အတွက် တည့် မတ်မှန်ကန်သော ရပ်တည်ချက်များဖြင့် အလုပ်လုပ်ပေးနိုင်သော အဖွဲ့အစည်း ဖြစ်ပါစေကြောင်း နှစ်သစ်တွင် ဆုမွန်တောင်းပေးလိုက်ပါသည်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဂုဏ်ပြု သဝဏ်လွှာထဲတွင် တွေ့ရသည်။
ထို့အပြင် စစ်အာဏာရှင် စနစ်ကျဆုံးပြီး ဗမာပြည်သူလူထုတစ်ရပ်လုံးအား အဖိနှိပ်ခံ ဘဝမှ လွတ်မြောက်ခွင့် ရရှိရေး လူမျိုးကြီးဝါဒ ချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ပြည်သူလူထု တစ်ရပ်လုံး၏ လွတ်လပ်မှုနှင့် လက်နက်ကိုင် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရေး စသည့် နိုင်ငံရေး ရည်မှန်းချက်တို့အပြင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တူညီသော ဘုံရည်မှန်းချက်ရှိသည့် ဗမာလူမျိုး ကိုယ်စားပြု တော်လှန်ရေး အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ပြီး ထိုအဖွဲ့အစည်းများထဲတွင် နွေဦးတော်လှန်ရေး ကာလအတွင်း ပေါ်ပေါက်လာသည့် BPLA လည်း တစ်ဖွဲ့ အပါအဝင်ဖြစ်သည်ဟု ဆိုသည်။
ဧပြီလ ၁၇ ရက်နေ့က ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (Bamar People’s Liberation Army – BPLA ) သည် လက်ရှိအချိန်တွင် ဗမာပြည်သူလူထုအချို့နှင့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အချို့၏ ယုံကြည်မှုကို ရရှိထားပြီး အချိန်တိုတိုအတွင်း၌ စနစ်တကျ တိုက် ပွဲဝင်နိုင်သည့် အရည်အချင်း စည်းကမ်းကောင်းမွန်သော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ် လာအောင် တည်ဆောက်နိုင်ခဲ့သည်များကို တွေ့ရှိရသောကြောင့် မိမိတို့ အနေဖြင့် BPLA ၏ ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်တစ်ယောက်ချင်းစီ၏ ကြိုးပမ်း အားထုတ်မှုတို့ကို တန်ဖိုးထား အသိအမှတ်ပြုပါသည် ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောသည်။
BPLA ကို ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့သည့် ညီနောင် မဟာမိတ် ၃ ဖွဲ့သည် “ဝ” UWSA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPCC ၏ အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်ကြသည်။
ဓာတ်ပုံ – BPLA