KIO နယ်မြေ ဆယ်တန်း ဖြေဆိုသူ ၃ ဆ နီးပါး တိုးမြင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်။
KIO ထိန်းချုပ်နယ်မြေအတွင်း ယခုနှစ် ၁၀ တန်း ဖြေဆိုမည့် ကျောင်းသူ/သားဦးရေ သုံးဆလောက် တိုးလာသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် KIO ထိန်းချုပ်နယ်မြေများအတွင်းတွင် ၁၀ တန်း စာမေးပွဲဖြေဆိုသူ ကျောင်းသားဦးရေ ၈၀၀ ကျော်သာရှိခဲ့ပြီး ယခုနှစ်တွင် ကျောင်းသားဦးရေ စုစုပေါင်း ၂၁၉၂ ဦး ရှိလာသည့်အတွက် ယခင်နှစ်ထက် ၃ ဆ ပိုများလာသည်ဟု ဗဟိုပညာရေးဌာန တာဝန်ရှိသူက ပြောသည်။
KIO ဗဟိုပညာရေးဌာန ဒု-တာဝန်ခံ ဦးဘရန်တောင် က “လွန်ခဲ့တဲ့နှစ်တွေက ဒီမှာ ၁၀ တန်းဖြေတာက ၈၀၀ ကျော်လောက်ပဲ ရှိတာပေါ့နော်။ ဒါပေမယ့် ဒီနှစ်ကတော့ နည်းနည်းများလာသလို ဖြစ်တယ်ပေါ့။ ဒီနှစ်က အခု လောလောဆယ် ကျနော်တို့ အတိအကျ ရထားတာက ၁၀ တန်း ဖြေမယ့် ကလေးတွေက အားလုံး ၂၁၉၂ ယောက်ရှိတယ်” ဟု ပြောသည်။
စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် မတိုင်ခင်နှစ်များတွင် KIO ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်းသား အချို့က အစိုးရလက်အောက်ရှိ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားပြီး ဆယ်တန်းကို ဖြေဆိုခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေများကြောင့် ခရီးသွားလာရေး ခက်ခဲကာ မိမိတို့ဒေသအတွင်းရှိ ကျောင်းများတွင်သာ တက်ရောက် ဖြေဆိုနေကြသည့်အတွက် ကျောင်းသူ/သားများ ပိုမိုများပြားလာရခြင်း ဖြစ်နိုင်သည်ဟု ဦးဘရန်တောင်က ဆက် ပြောသည်။
“ကျနော်အမြင်ကတော့ ဒီကျနော်တို့ KIO ထိန်းချုပ်နယ်မြေက ကလေးတွေလည်း အများအားဖြင့်တော့ ဒီမြို့ ဘက်မှာ ကျောင်းသွားတက်ကြတာ များတယ်ပေါ့နော်။ ဒါပေမယ့် မနှစ်ကနဲ့ ဒီနှစ်ကတော့ ကလေးတွေ အသွား အလာ ခက်ခဲတာရယ်၊ ဟိုဘက်မှာ ကျောင်းကောင်းကောင်း မဖွင့်တာရယ် အဲ့ဒါကြောင့် ကိုယ့်ဒေသမှာရှိတဲ့ ကျောင်းတွေမှာ ကျောင်းတက်သွားတာ များတယ်ပေါ့နော်။ ဒါကြောင့် ကျောင်းသားတွေ နည်းနည်းများ လာ တာ။”
၁၀ တန်းစာမေးပွဲကို လာမည့် ဧပြီလ ၂၁ ရက်နေ့ မှ ၂၈ ရက်နေ့ အတွင်း မြန်မာအစိုးရ သင်ရိုးညွှန်းတန်း အတိုင်း ဝိဇ္ဇာ၊ သိပ္ပံ၊ ဝိပ္ပံ ဘာသာတွဲများကို KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စာစစ်ဌာန ၉ ခုတွင် ဖြေဆိုသွားမည် ဖြစ် သည်ဟု သိရသည်။
အဆိုပါ စာစစ်ဌာန ၉ ခုသည် မိုင်ဂျာယန် အထက်တန်းကျောင်း၊ မုန်မြစ်စင်လီ အထက်တန်းကျောင်း (မိုင်ဂျာ ယန်)၊ အင်ဘာပါ အထက်တန်းကျောင်း (မံစီမြို့နယ်)၊ အလန့်ဘွမ် အထက်တန်းကျောင်း (လိုင်ဇာ)၊ လိုင်ဇာမြို့ အထက်တန်းကျောင်း(KIO ဗဟိုဌာနချုပ်)၊ ကျိန်ထောင်ပါ အထက်တန်းကျောင်း (ဝိုင်းမော်မြို့နယ်)၊ မုန်းပေါ် အထက်တန်းကျောင်း (ရှမ်းပြည်နယ်မြောက်ပိုင်း)၊ အင်ဂွမ်လ အထက်တန်းကျောင်း (KIO တပ်မဟာ-၁ နယ်မြေ)၊ နှင့် လောဒ်အောင် အထက်တန်းကျောင်း (KIO တပ်မဟာ-၂ တနိုင်းမြို့နယ်) တို့ ဖြစ်သည်။
ဓါတ်ပုံ – The Kachin Net