ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ် တပါတ်ကြာသည် အထိ အဆက်အသွယ်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်က ၂၀၂၀ ခုနှစ်၏ ရွေးကောက်ခံ တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် တပါတ်ကျော် ဆက်သွယ်၍ မရသဖြင့် မိသားစုဝင်များ က စိုးရိမ်နေကြသည်။

အသက် ၆၄ နှစ် အရွယ်၊ ကြံခင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးစိုးမြင့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်မှာ တစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်သော်လည်း ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရေးသေးသည့်အတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မိသားစုဝင် တစ်ဦးက “ရဲစခန်းက သူတို့ဖမ်းတာ မဟုတ်ဘူးလို့ပြောတယ်။ ကျန်းမာရေးက မကောင်းဘူး။ ရိုက် ကြနှက်ကြရင် ဒုက္ခပါပဲ” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူ ဦးစိုးမြင့်အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို စုံစမ်းမေးမြန်း၍ မရသည့်အပြင် ၎င်းသည် ဖမ်းဆီးခံရစဥ်ကလည်း ကျန်းမာရေး မကောင်းမွန်သဖြင့် ပို၍ စိုးရိမ်နေခြင်း ဖြစ်သည်ဟု မိသားစုဝင် များက ပြောသည်။

ဦးစိုးမြင့်အား စစ်ကောင်စီက NUG၊ CRPH တို့ နှင့် အဆက်အသွယ် ရှိသည်ဟု စွပ်စွဲကာ ဖမ်းဝရမ်း ထုတ်ထား သည်ဟုလည်း မိသားစုဝင်များက ဆိုသည်။

၎င်းကို ဧပြီလ ၉ ရက်နေ့၊ နံနက်ပိုင်းအချိန်က ကြံခင်းမြို့နယ် ဘက်ရဲမြို့အနီး ဂျိုကုန်းကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ယင်းရွာ ဒေသခံ အချို့က အတည်ပြု ပြောသည်။

“နေမကောင်း ဖြစ်နေလို့ ဆေးခန်းလာပြတာမှာ စစ်တပ်နဲ့ ရဲက ဖမ်းတာ ခံလိုက်ရတယ်” ဟု ဂျိုကုန်းရွာခံ တစ် ဦးက ပြောသည်။

ဦးစိုးမြင့်ကို လာရောက်ဖမ်းဆီးကာ အိမ်စီး ကားတစ်စီးပေါ် ဆွဲတင်သွားပြီး ကားက မြန်အောင်မြို့ရှိ အမှတ် (၅၁) ခြေလျှင်တပ် ဘက်သို့ မောင်းသွားသည်ဟု ဒေသတွင်းက ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့ထံမှ သိရသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ဦးစိုးမြင့်သည် NLD ပါတီ စတင်တည်ထောင်စဥ် ကတည်းက ပါ၀င်ခဲ့သူ တစ်ဦးဖြစ်ပြီး ကြံခင်းမြို့နယ် NLD ပါတီ၏ ဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်သည်ဟု NLD ပါတီ အလုပ်အမှု ဆောင်အဖွဲ့က ဆိုသည်။

ထို့အပြင် ဦးစိုးမြင့်သည် ၁၉၉၀ ခုနှစ်တုန်းကလည်း ကြံခင်းမြို့နယ် NLD ပါတီ၏ လူငယ်လုပ်ငန်းအဖွဲ့ တာ၀န်ခံ ဖြစ်ခဲ့ပြီး နိုင်ငံရေး အကျဥ်းသားဟောင်း တစ်ဦးဖြစ်ကာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းစဥ်ကလည်း အဖမ်း ခံရသေးသည်။ ထို့နောက် ပြန်လည်လွတ်မြောက်လာပြီး ယခုထပ်မံ အဖမ်းခံထားရခြင်း ဖြစ်သည်ဟု မိသားစု ဝင်များနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ပြောသည်။