ရာအိမ်မှူးနှင့် အဖွဲ့က ရိုက်သဖြင့် ရေကစားပြန်လာသူ လူငယ်တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်။

ရေကစား ပြန်လာသည့် လူငယ်တစ်ဦးကို ရာအိမ်မှုး နှင့် အဖွဲ့ က ရိုက်နှက်သဖြင့် တစ်ဦးသေဆုံးသွားသည်။

ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေတွင် ပင်လယ်ရေကစားပြီး ပြန်လာသည့် လူငယ် ၃ ဦးကို ရာအိမ်မှူး နှင့် အဖွဲ့က ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်း ၁ ရက်နေ့)က ရိုက်နှက်သဖြင့် လူငယ်တစ်ဦးသည် ဆေးရုံတွင် သေဆုံးသွားသည်ဟု သိရသည်။

“ချမ်းအေး(ရာအိမ်မှူး) က ဒီကောင်တွေ ဘယ်ကကောင်တွေလဲ ခေါ်ရိုက်စမ်းကွာဆိုပြီး နှစ်တလက်မနဲ့ ဝင်ရိုက် တယ်။ သွေးအိုင်ထဲ ဆန့်ငင်ဆန့်ငင်နဲ့ ဖြစ်နေလို့ ဆေးရုံပို့လိုက်ရတဲ့ ကလေးက သေသွားတယ်” ဟု မျက်မြင် တွေ့ရှိသည့် ဒေသခံတစ်ဦး က ပြောသည်။

ချောင်းသာကမ်းခြေမြို့၊ အမှတ် ၁ ရပ်ကွက်၊ အုန်းတောစုက အသက် ၃၈ နှစ်အရွယ် ရာအိမ်မှူး ကိုချမ်းအေး ခေါ် ချမ်းသာအောင် နှင့် အပေါင်းအပါ ၆ ဦး က ကမ်းခြေတွင် ရေကစားပြီး ဆိုင်ကယ်ဖြင့် ပြန်လာသည့် လူငယ် ၃ ဦး ကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

အမှတ် ၃ ရပ်ကွက်နေ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ လူငယ် ၃ ဦးကို ဦးချမ်းအေးနှင့် အပေါင်းအပါများက ရိုက် နှက်ခဲ့ခြင်းဖြစ်ပြီး ချောင်းသာဆေးရုံတွင် တင်ထားသည့် မောင်ဝေလျှံဖြိုးသည့် ဧပြီလ ၁၈ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် သေဆုံးသွားခြင်းသည် ဟု ဒေသခံများက ပြောသည်။

အရက်မူးနေသည့် ရာအိမ်မှူးနှင့် အပေါင်းအပါများက ကမ်းခြေတွင် ရေကစားပြီး သီချင်းအော်ဆိုကာ ပြန်လာ သည့် ရွာခံလူများအနက် ဆိုင်ကယ်စီးကာလာသည့် လူငယ် ၃ ဦးကို ချောင်းသာ မိန်းလမ်းမကြီး အုန်းတောစု ရှိ ကေသုံးလုံး (KKK) ဆိုင်ရှေ့တွင် (၂×၁လက်မ) နှစ်တစ်လက်မ သစ်သာချောင်းဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

ရိုက်နှက်ရသည့် အကြောင်းရင်းကို သတင်းနှင့် မီဒီယာ ကွန်ရက်မှ သီးခြား အတည်ပြုလို့ မရပါ။

နှစ်စဉ် သင်္ကြန်ကာလ ချောင်းသာကို အလည်လာကြသည့် ဧည့်သည်များ ပြန်ချိန် အလုပ်ပါးသွာသည့် မြန်မာ နှစ်ဆန်း ၁ ရက်နေ့တိုင်း ညနေပိုင်းအချိန်များတွင် ဒေသခံများက ကမ်းခြေတွင် စုပေါင်း၍ ပင်လယ် ရေကစား ကြလေ့ ရှိသည်ဟု သိရသည်။

ချောင်းသာ ဒေသခံ အသက် ၆၈ နှစ်အရွယ်ရှိ ရပ်မိရပ်ဖ တစ်ဦးက “နှစ်တိုင်းဒေသခံတွေ စုပြီးပျော်ကြ ပါးကြ တာပါ။ မူးပြီး ရန်ဖြစ်တာမျိုးတော့ ရှိတယ်။ အုပ်ချုပ်ရေးအဖွဲ့က ဒီလို အကြောင်းမဲ့ ခေါ်ထုတ်ပြီး ရိုက်နှက်လို့ သေတာမျိုး မရှိခဲ့ဘူး” ဟု ပြောသည်။

လူအုပ်အတွင်းမှ လူငယ် ၃ ဦးကို အကြောင်းမဲ့ ခေါ်ထုတ်ပြီး တစ်ဦးသေသည့်အထိ ရိုက်နှက်ခဲ့သည့် ချောင်းသာ ကမ်းခြေမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် ရာအိမ်မှူး ကိုချမ်းအေး နှင့် အဖွဲ့ကို ချောင်းသာနယ်မြေ ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေသည်ဟု ယင်းရဲစခန်း တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။