နှစ်ဆန်းတရက် လွတ်ငြိမ်းချမ်းသာခွင့်တွင် ဧရာဝတီတိုင်းမှ ၄၅ ဦးသာပါ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူ ဧရာဝတီတိုင်းအတွင် ၁ ရာခိုင်နှုန်း မပြည့်ဘူးဟု သိရသည်။
စစ်ကောင်စီက ပေးသည့် မြန်မာ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ရရှိသည့် ဧရာဝတီ တိုင်း အတွင်းရှိ အကျဥ်းသားဦးရေမှာ ၁ ရာခိုင်နှုန်းပင် မပြည့်ဘူးဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းအချို့က ပြော သည်။
“လွတ်ငြိမ်းရတာ လူတစ်ရာမှာ တစ်ယောက် မပြည့်ဘူး။ တစ်တိုင်းလုံးမှ ၄၅ ယောက်ပဲ လောက် ပဲလွတ်တယ်။ လွတ်တဲ့ အထဲမှာ နိုင်ငံရေးသမားလည်း မပါဘူး” ဟု အကျဥ်းဦးစီးဌာန ဝန်ထမ်းတစ်ဦး က ပြောသည်။
ဧရာဝတီတိုင်း အတွင်းရှိ အကျဥ်းထောင် ၅ ခု နှင့် ရဲဘက် အလုပ်စခန်း ၆ ခု တို့တွင် ရှိနေသည့် အကျဥ်းသား ၆၀၀၀ ဝန်းကျင်၏ ဒဿမ ၇၅ (၀.၇၅) ရာခိုင်နှုန်းခန့်သာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသည်ဟု အကျဥ်းဦးစီးဌာန ဝန်ထမ်းအချို့ထံမှ သိရသည်။
လွှတ်ငြိမ်းချမ်းသာခွင့် ရရှိသူများမှာ စစ်ပြေးမှု၊ ရဲပြေးမှု နှင့် မူးယစ်ဆေးမှု စသည့် အမှုများဖြင့် ထောင်ကျနေသူ များ ဖြစ်သည်ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်း က ဆက်ပြောသည်။
ပုသိမ်အကျဉ်းထောင် က ၁၄ ဦး၊ ဟင်္သာတအကျဉ်းထောင်က ၄ ဦး၊ မအူပင်အကျဉ်းထောင်က ၂ ဦး၊ မြောင်းမြ အကျဉ်းထောင်က ၂ ဦး၊ ဖျာပုံအကျဉ်းထောင်နှင့် ရဲဘက်စခန်းများက ၂၃ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည် ဟု သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင် ၅ ခုတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်းသား ဦးရေ ၁၄၀၀ ကျော်ခန့် ရှိသော်လည်း နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းတွင် တစ်ဦးမှ မလွတ်မြောက်လာဘူးဟု နိုင်ငံရေး အကျဥ်း သားများ ထောက်ပံ့ ကူညီရေး ကွန်ရက် အဖွဲ့ဝင်တစ်ဦး က အတည်ပြု ပြောသည်။
“ဆန္ဒပြလို့ ထောင်ကျနေတဲ့ အကိုကြီး လွတ်မယ်ထင်လို့ လာစောင့်နေတာ။ နိုင်ငံရေး သမားတွေမပါဘူး ဆိုတော့ နေမကောင်းတဲ့ အမေ့ကို ဘယ်လိုပြောရမလဲ မသိတော့ဘူး” ဟု ထောင်ဝတွင် အကိုဖြစ်သူကို လာကြိုသည့် အသက် ၂၅ နှစ် အရွယ်ခန့်ရှိသည့် အမျိုသမီးတစ်ဦး က ပြောသည်။
စစ်ကောင်စီက စစ်ရာဇဝတ်မှု ကျူးလွန်သူများ၊ ထင်ရှားကျော်ဇောသည့် သေဆုံးသူများ၊ စစ်တပ်ထောက်ခံသူ အနုပညာရှင်များအား ဘွဲ့ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်သည့် အကျဥ်းသားများ အား လွှတ်ပေးခြင်းတို့ကို ဟန်ပြလုပ်၍ နိုင်ငံတကာ မျက်နှာစာတွင် လိမ်ညာရန် ကြိုးစားနေသည်ဟု နိုင်ငံရေး လေ့ လာသူ အချို့ က သုံးသပ်ပြောဆိုထားသည်။