ဧပြီ ပထမလဝက်အတွင်း KNU တပ်မဟာ ၅ တွင် စစ်ကောင်စီ ၈၀ ကျော် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေထဲတွင် ဧပြီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ပွဲ များတွင် စစ်ကောင်စီတပ်ဘက်က ၈၁ ဦး သေဆုံးပြီး ၄၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ဧပြီလ ၁၉ ရက်(ယနေ့) တွင် သတင်းထုတ်ပြန်ထားသည်။

KNU တပ်မဟာ ၅ နယ်မြေထဲတွင် ယခုလ ၁၅ ရက်နေ့အထိ တိုက်ပွဲ ၁၇၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ် ကောင်စီဖက်မှ ကျဆုံးသူများထဲတွင် တပ်ခွဲမှူးအဆင့် ၁ ယောက်ပါဝင်သည်ဟု KNU က ပြောသည်။

KNU က “ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုပေါင်း (၁၇၄) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ (၈၁) ယောက် သေဆုံး ကာ (၄၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုသေဆုံးသွားသော အာဏာသိမ်း စစ်ကောင်စီ၏ တပ်များ ထဲတွင် တပ်ခွဲမှူး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက် နှင့် တပ်ကြပ် ၁ ယောက်ပါဝင်ပါသည်” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ကား ၃ စီး ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဖျက်ဆီး နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အတူ ဧပြီလ ၁၅ ရက်နေ့အထိ တိုက်ပွဲအတွင်း KNU ဖက်မှ ၁ ယောက်ကျဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားသည့် အခါတိုင်းတွင် စစ်ကောင်စီတပ်မှ ပြည်သူများနေထိုင်သည့် ကျေးရွာ များအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများရှိသည်ဟု KNU ၏ ထုတ် ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

KNU ၏ ထုတ်ပြန်ချက်ထဲတွင် “ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲဖြစ်ပွားတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ် များသည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင် များအတွင်းသို့ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်အတွင်း၌ အာဏာသိမ်း စစ် ကောင်စီ၏ တပ်များမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုပေါင်း အလုံး (၃၄၀) ကျော်ရှိခဲ့ပြီး အပြစ်မဲ့ ပြည် သူလူထု (၂) ဦး အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါသည်” ဟု တွေ့ရသည်။

KNU တပ်မဟာ ၅ ဖာပွန်(မူတြော်) ခရိုင် နည်းတူ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် တပ်မဟာ ၆ (ဒူးပလာယာ ခရိုင်) အတွင်းတွင်လည်း စစ်ကောင်စီတပ်၏ ထိုးဖောက် ဝင်ရောက်လာမှုများကြောင့် တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသား အစည်းအရုံး KNU ၏ တပ်မဟာ အတော်များများတွင် စစ်ကောင်စီတပ်က နယ်မြေကျူးကျော် ဝင်ရောက်လာမှုများကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။