ဥက္ကဌကို ဘွဲ့ပေးရုံဖြင့် ညီညွတ်ရေး ပြိုကွဲမည်မဟုတ်ဟု KNU ပြောခွင့်ရပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU ကို စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စည်းလုံး မှု ပျက်ပြားအောင် ဥက္ကဌကို ဘွဲ့ပေးခဲ့သော်လည်း စည်းလုံးညီညွတ်မှုကို ထိခိုက်လာမည့် ကိစ္စရပ်များ အဖွဲ့အစည်း အတွင်း၌ ဖြစ်ပေါ် လာမည် မဟုတ်ကြောင်း KNU က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU ဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီး စောမူးတူးစေးဖိုးကို ဝဏ္ဏကျော်ထင်ဘွဲ့ ဂုဏ်ထူးဆောင် တံဆိပ် ချီးမြှင့်အပ်နှင်းခဲ့သည့် အပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းက “အဓိကကျတာတော့ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနေတဲ့အခါကျတော့ ဘယ်လိုပဲ တစ်ယောက်တည်း အာဏာက စုပုံနေတာမှမဟုတ်ပဲ ကျနော်တို့ ဗဟိုကော်မတီဝင်တွေရှိတယ်။ တစ်ဦးတစ်ယောက်တည်း ထလုပ် လို့ ရတဲ့ ကိစ္စမှ မဟုတ်ပဲ ဒီဟာတွေက ဘယ်လိုပဲဖြစ်ဖြစ် ထိုးခွဲတယ်ဆိုပေမယ့်လို့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ က စုစုစည်းစည်းနဲ့ နားလည်မှု ရှိရှိ တစ်ယောက်အပေါ်တစ်ယောက်ကို ဒီလိုပဲ ဆက်ပြီးလုပ်သွား မယ်ဆို ဘာမှ ထူးထူးခြားခြား ရိုတ်ခတ်မှာလည်း မဟုတ်ပါဘူး” ဟု ပြောသည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၇၅ နှစ်တာကာလ အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန် ထမ်းဆောင်နိုင်မှုများ အတွက်ဟု ဆိုပြီး လူပုဂ္ဂိုလ် တော်တော်များများကို ဝဏ္ဏကျော်ထင်ဘွဲ့ ဂုဏ်ထူးဆောင် တံဆိပ်ကို ချီးမြှင့်အပ်နှင်း ခဲ့သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့် ခံရသူများထဲတွင် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ အဖွဲ့အစည်း၏ အမြင့်ဆုံးရာထူး တာဝန်ကို ထမ်းဆောင်နေသည့် ခေါင်း ဆောင်များလည်း ပါဝင်နေပြီး ထိုခေါင်းဆောင်များတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အပါအဝင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ALP မှ ဦးခိုင်စိုးနိုင်အောင်၊ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ KNU/KNLA-PC ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဌေးမောင်(ခ)စောဌေးမောင် နှင့် NMSP မှ ဥက္ကဋ္ဌ ဟောင်းများ ဖြစ်ကြ သည့် နိုင်ထောမွန်နှင့် နိုင်ရွှေကျင်တို့ ပါဝင်သည်။

စစ်တပ်က KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအတွင်း စည်းလုံးမှု ပျက်ပြားအောင် လုပ်ဆောင်နေမှုများသည် ယခုမှ မဟုတ်ပဲ ယခင် ကရင်တော်လှန်ရေး စတင်ချိန်ကတည်း လုပ် ဆောင်ခဲ့ပြီး ယခုအချိန်မှာလည်း ထိုနည်းလမ်းများ အတိုင်း ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပဒို စော တောနီး က ဆက်ပြောသည်။

ပဒို စောတောနီး က “သူလုပ်နေကျ အလုပ်အတိုင်းပဲ သူဆက်လုပ်နေတာပဲလေ ကျနော်တို့ မြင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ အဖွဲ့အစည်းတစ်ခုကို သူ့ရဲ့ ပြိုင်ဖက် အဖွဲ့အစည်းတစ်ခုကို ဒီလိုပဲ စည်းလုံးညီညွတ်မှုတွေ ပျက် ပြားအောင် ဆိုပြီးတော့ ဟိုထိုးခွဲ ဒီထိုးခွဲတာတွေ လုပ်နေတာပဲလေ။ အဲ့ဒါက နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတဲ့ အပိုင်းတွေ ရှိသလို သိသိသာသာ တစ်မျိုး၊ မသိမသာ တစ်မျိုးနဲ့ လုပ်နေတာ အပိုင်းတွေတော့ရှိတာပေါ့။ အခု နောက်ဆုံးလုပ်တဲ့ ကိစ္စကလည်း ဒါပဲကျနော်တို့ ပြောလို့ရတာပေါ့နော်” ဟု ပြောသည်။

ထိုအတွေ့အကြုံများမှ တစ်ဆင့် KNU အဖွဲ့အစည်းအတွင်း စည်းလုံးညီညွှတ်မှုကို တည်ဆောက်ထားနိုင်ပြီး စစ် ကောင်စီ ခေါင်းဆောင်၏ ယခုလုပ်ရပ်သည့် အဖွဲ့အစည်းအတွင်း တစ်စုံတစ်ရာ ထိခိုက်မည် မဟုတ်ကြောင်း ပဒို စောတောနီး က ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် နှစ် ၇၀ ကျော်အကြာ ကရင့်တော်လှန်ရေးကာလအတွင်း စစ်တပ် ၏ အဖွဲ့အစည်းအတွင်း သွေးခွဲမှုများကြောင့် မိခင် KNU မှ ခွဲထွက်ခဲ့သည့် အဖွဲ့အစည်း တော်တော် များများ ရှိခဲ့ ပြီး ထိုအထဲတွင် ၁၉၉၅ က ခွဲထွက်ခဲ့သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (Democratic Karen Buddhist Army (DKBA) နှင့် ၂၀၀၇ ခုနှစ်တွင် နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA/PC အဖွဲ့တို့မှာ လူသိများသည့် အဖွဲ့များဖြစ်သည်။