ကချင်ပြည်နယ်တွင်လည်း စက်သုံးဆီ အလုအယက်ဝယ်ယူ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်။

စက်သုံးဆီပြတ်လပ်မည်ဆိုသည့် အွန် လိုင်းသတင်းအချို့ကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အပြင် ဖားကန့်နှင့် ပူတာအိုမြို့တို့တွင်ပါ ဆီစုပြုံဝယ်ယူသူများပြားနေပြီး ဆီဆိုင်အချို့ပင် ပိတ်လိုက်ရသည်ဟု ဒေသခံများက ပြော သည်။

မြစ်ကြီးနား၊ ဖားကန့်နှင့် ပူတာအိုမြို့ တို့တွင်လည်း အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးက မြို့များကဲ့သို့ ဧပြီ လ ၁၉ ရက်နေ့ (ယနေ့) ညနေပိုင်းမှစတင်၍ စက်သုံးဆီပြတ်လပ်မည်ဟု ဆိုသည့် သတင်းများကြောင့် ဆီများ အလုအယက်တန်းစီကာ ဝယ်ယူနေကြခြင်း ဖြစ်သည်ဟု သိရသည်။

မြစ်ကြီးနားက စက်သုံးဆီလက်လီရောင်းချသူ ကိုဇော်က “လူတွေအများကြီး လာဝယ်နေကြတာ တွေ့တာ။ ဆီပြတ် မယ် လို့ သူများတွေပြောနေတာကြားလို့ ကျနော်လည်းဝယ်ခဲ့တယ်။ တချို့ဆိုင်တွေကပိတ်ကုန်ပြီ” ဟု ပြော သည်။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နှင့်မန္တလေးစသည့် မြို့ကြီးများတွင် ဆီပြတ်၍ ဆိုင်များပိတ်ကုန်ပြီဆိုသည့် အွန်လိုင်း ပေါ်မှ သတင်းများကြောင့် ယခုကဲ့သို့ စက်သုံးဆီများကို လုယက်ဝယ်ယူနေကြခြင်း ဖြစ်နိုင်သည်ဟု ကိုဇော်က ဆက်ပြောသည်။

ဧပြီလ ၁၉ရက် ညနေပိုင်း ၃ နာရီ နောက်ပိုင်း ဆီပန့်ဆိုင်များတွင် လူများလာရောက်ဝယ်ယူနေကြပြီး ဈေးနှုန်းက ယခင်ဈေးနှုန်းထက် ဓါတ်ဆီ တလီတာလျှင် ကျပ် ၁၀၀ ဈေးတက်သွားသည်ဟု ဆီလက်လီရောင်းချသူအချို့က ပြောသည်။

ဖားကန့်မြို့တွင်လည်း “ဒီ ဖားကန့်မှာက ၃ နာရီလောက်ကနေ ဆီဆိုင်တွေက စပိတ်ကုန်တာ။ တချို့ဆီဆိုင်တွေ ပေါ့။ မနက်လောက်ကတည်းက တိုးဝှေ့ပြီး ဆီဆိုင်မှာ တန်းစီနေကြတာ။ ဒီရွှေခြေင်္သေ့ဆီပန့်မှာလည်း အပြည့် ပဲ လူတွေက။ ဒီ ဆိုင်းတောင်၊ ဖားကန့် အားလုံးပဲ ဆီပန့်တိုင်း လူတွေတန်းစီနေကြတာ” ဟု ပြောသည်။

ယခင်ရက်များက မြစ်ကြီးနားမြို့တွင် ၉၂ ဆီ တစ်လီတာလျှင် ၂၀၀၀ ကျပ်ပေးဝယ်ရသော်လည်း ဧပြီလ ၁၈ ရက် နေ့မှ စတင်၍ ၂၁၀၀ ကျပ် အထိဖြစ်သွားပြီး ၁၉ ရက်နေ့မှာ တစ်လီတာလျှင် ၂၂၀၀ ကျပ်ဖြစ်သွားသည်ဟု ဆိုကြ သည်။

ပုလင်းဖြင့် ရောင်းချနေသည့် ရပ်ကွက်အတွင်းရှိ လက်လီဆိုင်များတွင် ၂၅၀၀ ကျပ် အထိ ရောင်းချနေကြ သည် ဟု သိရသည်။

အလားတူ ပူတာအိုမြို့က အခြေအနေနှင့်ပတ်သက်၍ လေယာဉ်ကွင်းရပ်ကွက် ဒေသခံတစ်ဦး က “ကျနော်တို့ ပူတာအို မှာတော့ ဒီညနေအထိ ဆီဆိုင်မှာ ကားတွေ၊ ဆိုင်ကယ်တွေ တန်းစီနေကြတာ။ လူတွေသွားတန်းစီတော့ ကျနော်တို့လည်း သွားတန်းစီရတာပေါ့။ ပူတာအိုက တခြားမြို့တွေထက်ဆိုရင် လမ်းပန်းဆက်သွယ်ရေးလည်း ခက်တယ်။ လမ်းကလည်း မကြာမကြာပိတ်တယ်နော်။ တော်ကြာတကယ်ဆီ ပြတ်သွားရင် ခက်တော့မှာ” ဟု ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း ပူတာအိုမြို့တွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာကာ ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား သွား ကားလမ်းမကြီးကို ခေတ္တ ပိတ်ခဲ့သဖြင့် ဓာတ်ဆီတစ်လီတာကို ကျပ် ၂၅၀၀ နှုန်း အထိဈေးမြင့်တက်ခဲ့သေးသည်။

ကချင်ပြည်နယ်အတွင်းက မြို့များအပြင် ရန်ကုန်၊ မန္တလေးမြို့များက ဆီပန့်ဆိုင်အများစု ဆီဝယ်ယူကြသည့် ပြည်သူများကို စိတ်ကြိုက်ဝယ်ယူခွင့်မပေးဘဲ အကန့်အသတ်ဖြင့် ရောင်းပေးခဲ့သည်ဟု ပြည်သူများက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီး ဌာနက သီလဝါဆီလှောင်ကန်များတွင် စက်သုံးဆီလက်ကျန် လျော့နည်းနေသည့်အတွက် ဆီပြတ်လပ် တော့မည် ဆိုသည့် အွန်လိုင်းသတင်းများသည် သတင်းအမှားများသာဖြစ်ကြောင်းနှင့် လက်ရှိ ပြည်တွင်းတွင် ဓါတ်ဆီဂါလံ ၄၅ သန်း၊ ဒီဇယ် ဂါလံ သန်း ၇၀ ခန့် ရှိနေပြီး ရန်ကုန်ဆိပ်ကမ်းတွင် ဆီမချရသေးသည့် သင်္ဘောနှစ်စင်းလည်း ရောက်ရှိနေကြောင်း ဧပြီလ ၁၉ ရက်နေ့ (ယနေ့) မှာပါ သတင်းထုတ်ပြန်ထားသည်။ သို့သော်လည်း အစိုးရ ထုတ်ပြန်ချက်အပေါ် လူထုက အယုံအကြည်နည်းပါးလျက်ရှိသည်။