ကန်ပက်လက် မတူပီ တိုက်ပွဲများအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှုများရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်။

ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပလက်နှင့် မတူပီမြို့နယ်များအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များနှင့် ဒေသအတွင်းရှိ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။

ဧပြီလ ၂၂ ရက်နေ့ (ယနေ့) နံနက်ပိုင်းက မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ထယ်ဘွေးစစ်ကောင်စီတပ်စခန်းကို အင် အားလာဖြည့်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦး သေ ဆုံးခဲ့ သည်ဟု CDF-Matupi တာဝန်ရှိသူ က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို အတည်ပြုပြော သည်။

CDF-Matupi တာဝန်ရှိသူ တစ်ဦးက “အဓိကက ဒီထယ်ဘွေးတပ်စခန်းပေါ့နော် ဒီစကစအနေနဲ့ လက်နက်၊ လူ အင်အား အင်အားဖြည့်တင်းပြီးမှ ပြန်ဆင်းလာတဲ့ စစ်ကြောင်းနဲ့ပေါ့နော် ကျနော်တို့ CDF မတူပီ ဒီမနက်မှာပေါ့ ကျနော်တို့ ၈ နာရီ ၂၀ လောက်မှာပေါ့နော် ဒါထိတွေ့မှု ဖြစ်တယ်။ ထိတွေ့မှုဖြစ်တော့ ကျနော်တို့ CDF မတူပီ ဘက်ကတော့ အထိအခိုက် အကျအဆုံးမရှိဘူးပေါ့။ ဒါပေမယ့် စကစ ဘက်ကတော့ ၆ ဦး သေဆုံးပြီးတော့မှ အနည်းဆုံး ၇ ဦးပေါ့နော် ဒဏ်ရာရတယ်ပေါ့နော်” ဟု ပြောသည်။

အင်အား ၁၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းကို မတူပီမြို့ နှင့် ၁၆ မိုင်အကွာ ဝလန်ပီးကျေးရွာ အနီး တွင် CDF-Matupi က အရင်ဆုံး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီဘက်က ယခုရက်ပိုင်းတွင် စစ်မျက်နှာဖွင့်၍ စစ်အင်အား၊ လူအင်အား၊ လက် နက်အင်အားများ ထပ်မံတိုးထားပြီး နယ်မြေစိုးမိုးနိုင်ရေး လုပ်ဆောင်နေသည်ဟု CDF-Matupi တာဝန်ရှိ သူက ဆက်ပြောသည်။

အလားတူ မကွေးတိုင်း ဆောမြို့နယ်နှင့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တို့ အကြားတွင်လည်း စစ်ကောင်စီ တပ်နှင့် CDF-Kanpetlet တို့အကြားတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ရက် ဆက်တိုက်ရှိပြီဟု သိရ သည်။

CDF-Kanpetlet အဖွဲ့က တာဝန်ရှိသူ တစ်ဦးက “တိုက်ပွဲဖြစ်တာကတော့ ဆောကနေပြီးမှ စစ်ကြောင်းထိုးလာ တဲ့ဟာနဲ့ ဒီကန်ပက်လက်ကနေဆင်းတဲ့ဟာတွေနဲ့ ကျနော်တို့ ဒီ ဆောနဲ့ ကန်ပက်လက်ကြားမှာရှိတဲ့ ကျနော်တို့ CDF ကန်ပက်လက်ရဲ့ တပ်ရင်းတစ်ရင်းနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာပါ။ မနေ့က ထိတွေ့တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ တယ်။ ပြီးတော့ ဒီနေ့ထပ်ပြီးတော့မှ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်တယ်ပေါ့နော်။ စုစုပေါင်း သုံးကြိမ်လောက်ရှိ တယ်ပေါ့။ ကန်ပက်လက်နဲ့ ဆောကြားထဲမှာပေါ့နော်၊ ကန်ပက်လက်နဲ့ ဆောက ၁၂ မိုင်ပဲ ခြားတဲ့အတွက် ကြောင့် မို့လို့ အဲ့ထဲမှာ အင်အားဖြန့်ပြီးတော့ နေနေတဲ့အတွက်အတွက် အဲ့ကြားထဲက နေရာတွေမှာ ဖြန့်ပြီး ဖြစ်တယ် လို့တော့ ပြောလို့ရတယ်” ဟု ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၇ နာရီဝန်ကျင်းအချိန်ခန့်တွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲ မိနစ်အနည်းငယ် အကြာ ဖြစ်ပွားခဲ့ပြီး နောက် နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် တစ်ကြိမ် နာရီဝက်နီးပါးအကြာ တစ်ရက် အတွင်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများတွင် ဧပြီလ ၂၁ ရက်နေ့ (ယမန်နေ့) ကလည်း နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း CDF-Kanpetlet ဘက်က တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆလိုင်း ထန်းအွမ် လည်း ကျဆုံးသွားသည်ဟု Chin Defense Force-Kanpetlet အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်နက်အင်အား၊ လူအင်အားမမျှခြင်းနှင့် စစ်ကောင်စီတပ်၏ နှစ်ဖက်ညှပ်တိုက်ခံရခြင်းများကြောင့် CDF- Kanpetlet ဘက်တွင် အထိအခိုက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က မတူပီ၊ ကန်ပက်လက်မြို့နယ်များဘက် ယခုရက်ပိုင်းအတွင်း စစ်အင်အား၊ လက်နက် အင်အား၊ လူအင်အားများ ထပ်တိုးပြီး စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေများကြောင့် လူထုအနေဖြင့် CDF တပ်ဖွဲ့များ၏ ထုတ်ပြန် ပြန်ကြားချက်များ ကို ဖတ်ရှုလိုက်နာပြီး ခရီးသွားလာကြရန်လည်း အဆိုပါ CDF တာဝန်ရှိသူများက ဆိုသည်။

ဓါတ်ပုံ – Chinland Defense Force Matupi