RCSS မှ အင်အား ၃၀၀ SSPP တပ်နှင့် လာပူးပေါင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ ရပ်တည်ချက်နှင့် မူဝါများအပေါ် မကြိုက်နှစ်သက် တော့သည့် RCSS/SSA မှ အဖွဲ့ဝင် သုံးရာကျော်သည် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့နှင့် လာရောက် ပူးပေါင်းခဲ့သည်ဟု SSPP/SSA က ပြောသည်။

အဆိုပါ RCSS အဖွဲ့ဝင် သုံးရာကျော်သည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား အားလုံး၏ အရေးကို အခြေမခံပဲ ရှမ်း လူမျိုးတစ်မျိုးတည်း၏ အရေးကို အခြေခံကာ လုပ်ဆောင်နေသည့် RCSS ၏ ရပ်တည်ချက်များအပေါ် မကြိုက် နှစ်သက်တော့သည့်အတွက် SSPP/SSA နှင့် လာရောက်ပူးပေါင်းခဲ့ ခြင်းဖြစ်သည်ဟု SSPP/SSA ပြော ရေးဆိုခွင့်ရှိ သူ ဒု-ဗိုလ်မှူးကြီး စိုင်းဆု က ပြောသည်။

ဒု-ဗိုလ်မှူးကြီး စိုင်းဆုက “ကျနော်တို့က ဒီဖက်ဒရယ်ကို အခြေခံပြီးတော့ ဖက်ဒရယ်ရှမ်းပြည်အခြေခံပြီးတော့ လူမျိုးပေါင်းစုံကို ရှမ်းပြည်မှာ ရှမ်းကပဲ အဓိက ပိုင်ဆိုင်တာ မဟုတ်ဘူးပေါ့။ လူမျိုးပေါင်းစုံ ရှမ်းအပါအဝင် စု ပေါင်းပြီးတော့ ပိုင်ထားတာ ဖြစ်တဲ့အတွက် အဲတော့ ကျနော်တို့က ဖက်ဒရယ် လမ်းစဉ်နဲ့ ကျင့်သုံးပြီးတော့ ဒီအ ဖွဲ့ အတွင်းရော အဖွဲ့ရဲ့ ပြင်ပပါ မဟာမိတ်တွေကအစပေါ့နော။ အားလုံးတန်းတူရည်တူ ရပ်တည်ပြီးတော့ လှုပ် ရှားနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ နောက်ပြီး RCSS က ရှမ်းလူမျိုးတွေကို အခြေခံပြီးတော့ လုပ်တဲ့ အခါကျတော့ ပြဿနာတွေက များတာပေါ့။ ရန်သူများပြီးတော့ ဟိုအဖွဲ့လည်း မတည့်လိုက် ဒီအဖွဲ့လည်း မတည့်လိုက် ဘုံရန်သူကလည်း ကွဲကွဲပြားပြား ခွဲထားမှု မရှိတဲ့အခါကျတော့ သူတို့ထဲမှာ အားမလို အားမရဖြစ် စေပြီးတော့ သူတို့က ကျောခိုင်းပြီးတော့ ကျနော်တို့ကို လာပြီးတော့ ပူးပေါင်းတာပါ။ အယောက် ၃၀၀ ကျော် တယ်” ဟု ပြောသည်။

လာရောက်ပူးပေါင်းသူများထဲမှ တာဝန်ဆက်လက်ထမ်းဆောင်လိုသူများကို RCSS တွင်ရှိစဉ်က ၎င်းတို့၏ မူလ ရာထူး တာဝန်များအတိုင်း ပေးအပ်ကာ အမှုထမ်းစေသည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းဆု က ဆက်ပြောသည်။

၎င်းက “အခုမှာဆိုရင် ကျနော်တို့ ပြန်လွှတ် လိုက်ပြီ သူတို့အိမ်မှာ တစ်ချို့တွေက အိမ်ပြန်ချင်ရင် ကျနော်တို့ အိမ်ပြန်လွှတ်ပေးတယ်ပေါ့နော်။ အဲလိုမျိုး အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ချင်တဲ့ လူလည်း ဒီသူတို့က နဂိုရှိထား တဲ့ ရာထူးတာ ဝန်တွေကို ကျနော်တို့က ပြန်ပေးတယ်။ အဲလိုမျိုး လုပ်ထားတာပေါ့နော်” ဟု ပြောသည်။

ဧပြီလဆန်းပိုင်း ကတည်းက အဆိုပါ RCSS အဖွဲ့ဝင် သုံးရာကျော်သည် SSPP/SSA ထံသို့ လာရောက် ပူးပေါင်းခဲ့ ကြခြင်းဖြစ်ပြီး ၎င်းတို့မှာ RCSS ၏ အမှတ်-၆၀၆ တပ်မဟာ လုံခြုံရေးတပ်ရင်းမှ တပ်ရင်းမှူးဖြစ်သူ စိုင်းပီနှင့် တပ်ခွဲမှူးဖြစ်သူ ကုမာရတို့၏ အဖွဲ့ဖြစ်သည် ဟု သိရသည်။

RCSS တပ်ဖွဲ့ဝင်များက SSPP တပ်ဖွဲ့ထံသို့ သွားရောက်ပူးပေါင်းခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ RCSS ပြောရေးဆို ခွင့်ရှိသူများကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

RCSS သည် ရှမ်းပြည်နယ်ထဲတွင် SSPP နှင့် တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ “ဝ” UWSA ၊ တအန်း TNLA တို့နှင့်လည်း စစ်ရေးတင်းမာနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဖြစ်သည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောစာချုပ် NCA ကို လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်း သို့ ဝင်ရောက်လာခဲ့ရာမှ TNLA ၊ SSPP စသည့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုများနှင့် တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် နှစ်ဖက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား နယ် မြေအငြင်းအပွား ပြဿနာများကြောင့် တိုက်ပွဲများ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက်ဖြစ်ပွားနေသည်မှာ ယနေ့ အချိန်အထိဖြစ်သည်။

ထိုသို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်ကြားမှ RCSS တပ်ဖွဲ့ဝင် သုံးရာကျော်သည် SSPP နှင့် လာရောက် ပူး ပေါင်းခဲ့ခြင်း ဖြစ်သည်။