တနင်္သာရီ မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့ သည်ဟု ရွာသားများက ပြောသည်။

သိန္ဓောကျေးရွာတွင် စခန်းချနေရာယူထားသည့် စစ်ကောင်စီတပ် ခလရ (၁၇) မှ တပ်ဖွဲ့ဝင်များကို ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့ (TDF)၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ (SWDF) နှင့် ဘက်မလိုက်ပျောက်ကြားအဖွဲ့တို့ က ညနေ ၄ နာရီမှ ၅ နာရီကျော်အချိန်ထိ အနီးကပ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“မိနစ်၂၀လောက်တော့ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တာ စိတ်စိတ်ကြားရတယ်။ စစ်တပ်က လက်နက်ကြီးနဲ့ လေးငါးချက် ပြန်ပစ်တာလည်း ကြားရတယ်။ တဖြည်းဖြည်းနဲ့ ပစ်ခတ်တာ ကြဲသွားပြီး တနာရီကျော် လောက် ဆို နှစ်ဘက်စလုံးငြိမ်သွားတယ်” ဟု အသက် ၄၀ နှစ် အရွယ် ရွာသားတစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့
ဘက်မှ ထိခိုက်သေဆုံးမှုမရှိ ဟု ဘက်မလိုက်ပျောက်ကြားအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် သိန္ဓောကျေးရွာက ရွာသားအများစုမှာ ဘေးလွတ်ရာ တောထဲနှင့် မြိတ်မြို့များသို့ သွားရောက်တိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

ရွာသားများသည် နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောက်လန့်နေကြသည်ဟု ဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ကလည်း သိန္ဓောကျေးရွာ၊ လှေဆိပ်တွင် ဆက်ကြေး ကောက်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ချောင်းမြောင်းပစ်ခတ်ခဲ့ရာမှ နှစ်ဖက်ကြား ၃ နာရီ အကြာ တိုက်ပွဲဖြစ်ခဲ့သေးသည်ဟု ရွာသားများက ပြောသည်။

ထိုတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့သည်။