တနင်္သာရီ မြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ငွေ၊ အသက် ၅၅ နှစ် သည် ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်က သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

တကူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ငွေသည် နေအိမ်မှအထွက် ခြံအဝတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု Tanintharyi Defense Force (TDF) မှ ထုတ်ပြန်ထားသည်။

“သေနတ်သံကြားပြီးသွားကြည့်တာ သွေးအိုင်ထဲလဲကျနေပြီ။ အသက်မရှိတော့ဘူး။ ဦးခေါင်းနဲ့ ရင်ဘတ်မှာ လေးချက်ထိထားတယ်” ဟု အသက် ၄၀ နှစ် အရွယ် ရွာသားတစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ဦးကျော်ငွေအား လက်ရှိထမ်းဆောင်နေသည့် အုပ်ချုပ်ရေးမှူးတာဝန်မှ နှုတ် ထွက်ရန်၊ စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ဟန်ပြသာ နှုတ်ထွက်ခဲ့ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်နေသည့် အတွက် ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု TDF အဖွဲ့က ဆိုသည်။

ပစ်သတ်ခံရသူ ဦးကျော်ငွေ၏ နေအိမ်မှာ ယခင်လည်း ဗုံးဖြင့် ၂ ကြိမ် သတိပေး ပစ်ခတ်ခံခဲ့ရဘူးသည်ဟု ရွာသား များက ပြောသည်။

ထို့အပြင် ကိုးမိုင်ရှိ ၎င်း၏ ကွမ်းသီးခြံမှ ဆိုင်ကယ်နှင့် ပြန်အထွက်တွင်လည်း သေနတ်ဖြင့် တစ်ကြိမ် ချောင်း အပစ်ခံခဲ့ရဖူးသေးသည်ဟု သိရသည်။

တနင်္သာရီမြို့နယ်အတွင်း မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အား လုံး မတ်လကုန်အတွင်း အပြီးနှုတ်ထွက်ကြရန်နှင့် နှုတ်ထွက်ခြင်းမပြုပါက ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားသည်ဟု သိရ သည်။