Mytel တာဝါတိုင်း ဖောက်ခွဲ ပြီးနောက် လူ ၈ ဦးကို စစ်ကောင်စီ ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်.

Mytel ဖုန်းတာဝါတိုင်တစ်တိုင်ကို ဒေသခံကာကွယ် တပ်ဖွဲ့တစ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးပြီးနောက် လူ ၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာရှိ တာဝါတိုင်တွင် ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၁ နာရီ ကျော်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းနေရာဝန်းကျင်နှင့် လမ်းများ ကို ထိုနေ့နံနက် လင်းအားကြီးအချိန်မှ စတင်၍ စစ်ကောင်စီ တပ်ဖွဲ့က ပိတ်ဆို့ စစ်ဆေးကာ ခရီးသွား ပြည်သူ ၈ ဦး ကို ဖမ်းသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အဖမ်းခံရတဲ့ သူတွေထဲ မြို့တက် စျေးဝယ် စျေးရောင်းတွေလည်း ပါတယ်။ သိမ်းကျုံး ဖမ်းတာ” ဟု ဒေသခံ တစ်ဦး က ပြောသည်။

ပေါက်ကွဲမှုကြောင့် ဖုန်းတာဝါတိုင် အောက်ခြေရှိ System ပုံးများ၊ ဝါယာကြိုးများ ပျက်စီးသွားသည်ဟု အုပ် ချုပ် ရေးအဖွဲ့ နှင့် နီးစပ်သောသူအချို့၏ ပြောပြချက်အရ သိရသည်။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် ဧရာဝတီ ဒေါင်းတမာန်အဖွဲ့က အဆိုပါ ဖောက်ခွဲမှုကို ၎င်းတို့၏ တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ပြီးနောက် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“အမြစ်ဖြတ် ချေမှုန်းဖို့ စစ်ရေးကို အရှိန်မြှင့်မှာမို့ စစ်တပ်ထောက်တိုင်တွေ အနား မသွားလာကြဖို့ ပြည်သူတွေ ကို မေတ္တာရပ်ခံပါတယ်” ဟု ဧရာဝတီ ဒေါင်းတမာန် အဖွဲ့ဝင်တစ်ဦး က ပြောသည်။

ဧရာဝတီ ဒေါင်းတမာန်အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ဧရာဝတီ ဒေသခံကာကွယ် ရေးတပ်ဖွဲ့ တစ်ဖွဲ့ အဖြစ် စတင်ဖွဲ့စည်းထားပြီဟု ၎င်းတို့၏ လူမှူကွန်ရက်စာမျက်နှာတွင် ထုတ်ပြန် ဖော်ပြထားသည်။

ကြံခင်းမြို့နယ်သည် ဧရာဝတီတိုင်း၏ မြောက်ဘက် အကျဆုံး နယ်မြေတွင်ရှိပြီး ပဲခူးရိုးမ၊ ရခိုင်ရိုးမတို့ နှင့် ထိစပ်နေသည့် မြို့နယ်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ထောက်တိုင်များဖြစ်သော မိုင်တဲဖုန်း တာဝါတိုင်များ၊ ဌာနဆိုင်ရာရုံး၊ မီတာရုံး တို့တွင် ဗုံးပေါက်ကွဲမှုများ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ဒေသခံ များက ဆိုသည်။