ပျူစောထီး လောင်းကစားဝိုင်းအနီး ဗုံးပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်။
စစ်ကောင်စီကို လိုင်းကြေးပေးပြီး ဖွင့်ထားသည့် ပျူစောထီးအဖွဲ့ဝင်များ၏ လောင်းကစားဝိုင်း အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာတွင် ဧပြီ ၂၁ ရက်နေ့၊ ည ၁၀ နာရီအချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။
“ဝုန်း ဆိုပြီး ဗုံးကွဲသံကြားတာနဲ့ ကစားဝိုင်းက သူတွေ အကုန်ထွက်ပြေးကြပြီး ဝိုင်းပျက်သွားတယ်။ တချို့က ဆိုင် ကယ်တွေနဲ့ ပြေးကြတာလည်း ရှိတယ်” ဟု သဲချောင်း ရွာသားတစ်ဦးက ပြောသည်။
ပျူစောထီးအဖွဲ့ဝင်များ ဦးဆောင်ကျင်းပနေသည့် အဆိုပါ လောင်းကစားဝိုင်းကို နေ့ရောညပါ ဖွင့်ပြီး ကစား နေကြသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်သည်ဟု ရွာသားများက ပြောသည်။
ဧပြီလ ၂၁ ရက်နေ့ ဖြစ်ပွားခဲ့သည့် ထိုဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရခြင်း မရှိ ဟု အသက် ၃၀ နှစ် အရွယ် ရွာသားတစ်ဦးက ပြောသည်။
လောင်းကစားဝိုင်းအတွက် နယ်မြေခံ စစ်ကောင်စီ၏ တပ်ရင်းများကို လိုင်းကြေးပေး ခွင့်ပြုချက်ယူ ထားသဖြင့် စစ်တပ်နှင့် ပျူစောထီးများက လုံခြုံရေး ယူပေးထားသည်ဟုလည်း သိရသည်။
ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို မသိရသေးလို မည်သည့်အဖွဲ့ ကမှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။
သို့သော် ဒေသခံ ကံပေါက်နယ်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) က ဒေသအတွင်း လောင်းကစားဝိုင်းများ မပြုလုပ်ရန် ဇန်နဝါရီလတုန်းက သတိပေးစာ ထုတ်ပြန်ခဲ့ဖူးပြီး လောင်းကစားဝိုင်းများပြုလုပ်ခဲ့သည့် ကံပေါက် ဒေသ လယ်ကြီးကွင်းနှင့် ဖောင်းတောကျေးရွာရှိ ဘောလုံးကွင်းတို့တွင် အသံဗုံးဖောက်ခွဲပြီး သတိပေးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။